စီရော်နယ်လ်ဒိုရောက်လာပြီးနောက် ဂျူဗင်တပ်စ်၏ တစ်ရာသီစာ လက်မှတ်အားလုံး နာရီပိုင်းအတွင်း ရောင်းချခဲ့ရ

စီရော်နယ်လ်ဒိုရောက်လာပြီးနောက် ဂျူဗင်တပ်စ်၏ တစ်ရာသီစာ လက်မှတ်အားလုံး နာရီပိုင်းအတွင်း ရောင်းချခဲ့ရ
Published 22 July 2018

စီရော်နယ်လ်ဒိုနှင့် မိသားစုဝင်များအား မိတ်ဆက်ပွဲအခမ်းအနား၌ တွေ့ရစဉ် (Photo – Juventus FC Twitter)

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အသက် ၃၃ နှစ်ရှိနေပြီဖြစ်သည့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအား ယူရိုသန်း ၁၀၀ အသုံးပြု၍ ခေါ်ယူခဲ့ရသော်လည်း စီးပွားရေးအရ အမြတ်အစွန်းပြန်လည်ရနိုင်ခြေရှိပြီး တစ်ရာသီစာလက်မှတ်အားလုံး မှာလည်း နာရီပိုင်းအတွင်း ရောင်းချခဲ့ရကြောင်း သိရသည်။

ယခင်ရာသီက တစ်ရာသီစာလက်မှတ်ဝယ်ယူခဲ့သူများအနက် ၉၅ ရာခိုင်နှုန်း (စောင်ရေ ၂၅,၃၀၀) က လာမည့်ရာသီအတွက်လည်း ထပ်မံဝယ်ယူခဲ့ကြပြီး ကျန်ငါးရာခိုင်နှုန်း (စောင်ရေ ၄၀၀၀) အား မန်ဘာ အဖွဲ့ဝင်များထံ ပြန်လည်ရောင်းချရာ နာရီပိုင်းအတွင်း အားလုံးရောင်းကုန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ လာမည့်ရာသီအတွက် တစ်ရာသီစာ လက်မှတ် ၂၉,၃၀၀ ရောင်းချထားရပြီး ပွဲကြည့်စင်အချို့နေရာများအတွက် ဈေးနှုန်းကို ရာခိုင်နှုန်း ၃၀ မှ ၃၇ ရာခိုင်နှုန်းအထိ မြှင့်တင်ထားကြောင်း သိရသည်။ ပရိသတ်များသည် လက်မှတ်ဈေးနှုန်းတိုးမြှင့်မှုကြောင့် ဒေါသထွက်နေသော်လည်း စီရော်နယ်လ်ဒိုပြောင်းရွှေ့လာပြီးနောက် ယင်းနေရာများအတွက် လက်မှတ်များလည်း ရောင်းချခဲ့ရပြီးဖြစ်ကြောင်း သိရသည်။ “ဒီနှစ်အတွက် တစ်ရာသီလက်မှတ်ဝယ်ယူဖို့ တောင်းဆိုမှုက အရမ်းများတဲ့အတွက် ဘယ်အမျိုးအစားအတွက်မှ မကျန်တော့ပါဘူး။ ရာသီစတင်ဖို့ တစ်လလိုသေးပေမဲ့ တစ်ရာသီစာလက်မှတ်ပြန်လည်ဝယ်ယူမှု ၂၅,၃၀၀ ရှိပြီး ကျန် ၄၀၀၀ လည်း ရောင်းချခဲ့ရပြီးဖြစ်လို့ စုစုပေါင်း ၂၉ç၃၀၀ ရောင်းချထားပြီးပါပြီ” ဟု ဂျူဗင်တပ်စ်အသင်းက ကြေညာချက် ထုတ်ပြန်သည်။ ထို့ပြင် စီရော်နယ်လ်ဒိုအား ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ရှယ်ယာဈေးနှုန်းမှာ တစ်ပတ်အတွင်း  ၃၃ ရာခိုင်နှုန်း (ယူရို ၂၃၁ သန်း) အထိ မြင့်တက်လာပြီး ရာခိုင်နှုန်း ၄၀ ခန့်အထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း အမေရိကန်အခြေစိုက် Business Insider စီးပွားရေးသတင်းဝက်ဘ်ဆိုက်က ခန့်မှန်းထားသည်။

အင်္ဂလန်နိုင်ငံရှိ ရှက်ဖီးလ်ဟယ်လမ်တက္ကသိုလ်မှ ဘောလုံးစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ရော့ဘ်ဝီလ်ဆင်ကလည်း “ဂျူဗင်တပ်စ်အသင်းရဲ့ ဈေးကွက်ဆိုင်ရာ သြဇာလွှမ်းမိုးမှုက ပိုပြီးကြီးလာမှာပါ။ သူက အသင်းရဲ့အင်အားကို ပိုကောင်းလာစေမှာဖြစ်ပြီး ပြည်တွင်းမှာရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ပိုပြီးအောင်မြင်မှုရလာစေနိုင်တယ်။ အဲဒါဆိုရင် စပွန်ဆာဝင်ငွေတွေ၊ ရုပ်သံဝင်ငွေတွေနဲ့ ဆုကြေးရရှိမှုလည်း ပိုများလာလိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။ စီရော်နယ်လ်နာမည်ပါဝင်သည့် ဂျာစီအင်္ကျီမှာလည်း ၂၄ နာရီအတွင်း ၅၂၀,၀၀၀ အထိ ရောင်းချထားရသည်။