ပထမဆုံးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဟာဇက်နှင့် ကော်တိုအာတို့၏ အနာဂတ်ကို အာမမခံဟု ဆာရီ ပြောဆို

ပထမဆုံးပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ဟာဇက်နှင့် ကော်တိုအာတို့၏ အနာဂတ်ကို အာမမခံဟု ဆာရီ ပြောဆို
Published 19 July 2018

Photos: AFP,Evening Standard

 

ချယ်လ်ဆီးအသင်းနည်းပြသစ်ဖြစ်လာသော အီတလီလူမျိုးနည်းပြ ဆာရီသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က သူ၏ပထမဆုံး မီဒီယာတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆာရီသည် ယင်းမီဒီယာတွေ့ဆုံပွဲ၌ အင်္ဂ လိပ် ဘာသာစကားရော အီတလီဘာသာစကားပါ ပြောကြားသွားခဲ့ပြီး မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။ မီဒီယာများက အသင်း၏အဓိကကစားသမား(၂)ဦးဖြစ်သော တောင်ပံကစားသမား ဟာဇက်နှင့် ဂိုးသမား ကော်တိုအာတို့၏ အနာဂတ်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ဆာရီက မိမိတို့အနေဖြင့် အသင်း၏ အကောင်းဆုံးကစားသမားများကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ၎င်းတို့အသင်းမှ မထွက်ခွာဟု အာမ မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ကတော့ အသင်းမှာရှိတဲ့ အကောင်းဆုံးကစားသမားအားလုံးကို ဆက်လက်ထိန်းသိမ်းထားချင်ပါတယ်။ ဒါဟာ နည်းပြတိုင်း၊ အသင်းတိုင်းရဲ့ ဆန္ဒတစ်ခုပါ။ ဒါပေမဲ့ အပြောင်းအရွှေ့ ဈေးကွက်မှာ လာမယ့်ရက်ပိုင်းအတွင်း ဘာတွေဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်အားလုံးကို ရှင်းရှင်းလင်းလင်းအသိပေးလိုတာကတော့ ကျွန်တော်ဟာ ကွင်းထဲမှာ အသင်းကိုကိုင်တွယ်ရတာ ကိုသာ ပိုပြီး နှစ်သက်တဲ့ နည်းပြတစ်ဦးပါ။ (အစစအရာရာ တာဝန်ယူရတဲ့) အထွေထွေ မန်နေဂျာလိုမျိုး မလုပ်ချင်ပါဘူး" ဟု ဆာရီက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ကစားသမားအပြောင်းအရွှေ့များကိုလည်း တာဝန်ယူရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။ "အပြောင်းအရွှေ့ဈေးကွက်ကို ငြီးငွေ့တဲ့ နည်းပြအနည်းငယ်ထဲမှာကျွန်တော်လည်းပါပါတယ်။ ကျွန်တော် အပြောင်းအရွှေ့အကြောင်းတွေ မပြောချင်ပါဘူး။ စိတ်လည်း မဝင်စားပါဘူး" ဟု ဆာရီက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်း၌ ဟာဇက် နှင့် ကော်တိုအာတို့၏ အပြောင်းအရွှေ့သတင်းများမှာ လှုပ်ခတ်လျက်ရှိနေပြီး စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းင်းတို့(၂)ဦးကို ပေါင်သန်း(၂၀၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ် နေသည်။ (၂)ဦးစလုံးမှာ စာချုပ်သက်တမ်းနောက်ဆုံး နှစ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ချယ်လ်ဆီးအသင်းက ၎င်းတို့အား ဆက်လက်ထိန်းသိမ်းထားဖွယ်မရှိတော့ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းမှထွက်ခွာသွားသည့် စီရော်နယ်လ်ဒိုနေရာတွင် ဟာဇက်ကို ပြန်လည်အစားထိုးလိုခြင်းဖြစ်သည်။

Most Read

Most Recent