သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 19 July 2018

 

Photos: Independent,The National,SB Nation,Evening Standard

နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် စပိန်လက်ရွေးစင်အသင်းနည်းပြ လိုပယ်တယ်ဟီ၏နေရာတွင် ယာယီနည်းပြအဖြစ် အစားထိုး တာဝန်ယူရန် စပိန်ဘောလုံးအဖွဲ့ချုပ်က မိမိကို ကမ်းလှမ်းခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် နယူးကာဆယ်အသင်းမှ မထွက်လို၍ ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီကို ခေါ်ယူရန် စီးရီးအေကလပ် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ အန်ဆယ်လော့တီနှင့် ရင်းနှီးသော သူငယ်ချင်းတစ်ဦးဖြစ်သူ အီတလီလူမျိုး ဘက်စကတ်ဘောနည်းပြ အယ်လ်ဘာတိုဘူချီက Sky Italia သို့ ယင်းကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘတ်ရှူအာယီသည် ပြီးခဲ့သည့်ရာသီက ဘွန်ဒစ်လီဂါကလပ် ဒေ့ါမွန်အသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၄)ပွဲကစားရာ၌ (၉)ဂိုးသွင်းယူပေးခဲ့သည်။

မန်စီးတီးအသင်း၏ ကစားသမား(၂)ဦးဖြစ်သူ ယူကရိန်းနောက်ခံလူ ဇင်ချန်ကို နှင့် အင်္ဂလန်ဂိုးသမား ဂျိုးဟတ်တို့မှာ ယခု နွေရာသီတွင် အသင်းနှင့်လမ်းခွဲရန် စီစဉ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ဇင်ချန်ကိုအား ဝုလ်ဗ်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့က ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြသည်။ ၎င်းတို့(၂)ဦးစလုံးမှာ မန်စီးတီးအသင်း၏ နွေရာသီ အမေရိကန်ခြေစမ်းခရီးစဉ်သို့ လိုက်ပါခဲ့ကြသော်လည်း အသင်းတွင် လာမည့် ရာသီ၌ ဆက်ရှိမည်မဟုတ်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်း၏ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး စတာရစ်ချ်က မိမိအနေဖြင့် လီဗာပူးလ်အသင်းတွင်သာ ပုံမှန်နေရာရရန် ကြိုးစားမည်ဖြစ်ပြီး အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။ စတာရစ်ချ်အား ခေါ်ယူရန် တူရကီကလပ် ဘက်ဆစ်တက် အသင်းက ကြိုးပမ်းလျက်ရှိနေပြီး ၎င်းကမူ အသင်းမှထွက်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။ စတာရစ်ချ်သည် လီဗာပူးလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်း ကန်ခဲ့ရသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကလည်း ဝက်စ်ဘရွန်းသို့ အငှားချခံခဲ့ရသည်။