အာဂျင်တီးနားလက်ဝှေ့ သမားမာသီဆေးကို အလဲထိုးပြီး WBA ဝယ်လ်တာဝိတ်ချန်ပီယံခါးပတ် ပက်ကီယောင်း လွှဲပြောင်းရယူ

အာဂျင်တီးနားလက်ဝှေ့ သမားမာသီဆေးကို အလဲထိုးပြီး WBA ဝယ်လ်တာဝိတ်ချန်ပီယံခါးပတ် ပက်ကီယောင်း လွှဲပြောင်းရယူ
Published 16 July 2018

 

Photos: AFP

နာမည်ကြီး ဖိလစ်ပိုင်လက်ဝှေ့ သမား ပက်ကီယောင်းသည် WBA (Regular) ဝယ်လ်တာဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲအဖြစ် အာဂျင်တီးနားလက်ဝှေ့ သမား လူးကပ်စ်မာသီဆေးနှင့်ထိုးသတ်ရာ သတ္တမအချီတွင် အလဲထိုး ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Axiata Arena ၌ ကျင်းပခဲ့ပြီး ပက်ကီယောင်းအနေဖြင့် မလေးရှားနိုင်ငံတွင် ပထမဆုံး သွားရောက်ထိုးသတ်သည့်ပွဲဖြစ်သည်။ ဖိလစ်ပိုင်အထက်လွှတ်တော် တစ်ဦးဖြစ်သည့် ပက်ကီယောင်းသည် ၂၀၁၇ ခုနှစ် ဇူလိုင်တွင် သြစ တြေးလျလက်ဝှေ့သမားဂျက်ဖ်ဟွန်းအား ရှုံးနိမ့်ပြီးနောက် တစ်နှစ်အကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ထိုးသတ်ခြင်းဖြစ်သည်။

 

  • တတိယအချီတွင် ပက်ကီယောင်း၏ ဝဲဘက်ပင့်လက်သီးချက်ကြောင့် မာသီဆေး ကြမ်းပြင်ပေါ်သို့ လဲကျခဲ့ပြီး ပဉ္စမအချီတွင် ဒုတိယအကြိမ်နှင့် သတ္တမအချီတွင် ဝဲယာလက်သီးတွဲလုံးများကြောင့် တတိယ အကြိမ် ထပ်မံလဲကျခဲ့ရာ ကြိုးဝိုင်းဒိုင်လူကြီးက ဒိုင်ပွဲရပ်အဖြစ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

WBA (Regular) ချန်ပီယံခါးပတ် အား ဇန်နဝါရီတွင်ရရှိပြီးနောက် ပထမဆုံး ချန်ပီယံကာကွယ်ပွဲထိုးသတ်ရသည့် မာသီဆေး (၃၅ နှစ်) သည် ပက်ကီယောင်းထက် အသက် ပိုငယ်သော်လည်း ပက်ကီယောင်း၏ လျင်မြန်မှုနှင့် လက်သီးတွဲလုံးများကို ရှောင်ရှားနိုင်ခြင်းမရှိသောကြောင့် အလဲထိုးဖြင့် ရှုံးပွဲကြုံတွေ့ ခဲ့သည်။

တတိယအချီတွင် ပက်ကီယောင်း၏ ဝဲဘက်ပင့်လက်သီးချက်ကြောင့် မာသီဆေး ကြမ်းပြင်ပေါ်သို့ လဲကျခဲ့ပြီး ပဉ္စမအချီတွင် ဒုတိယအကြိမ်နှင့် သတ္တမအချီတွင် ဝဲယာလက်သီးတွဲလုံးများကြောင့် တတိယ အကြိမ် ထပ်မံလဲကျခဲ့ရာ ကြိုးဝိုင်းဒိုင်လူကြီးက ဒိုင်ပွဲရပ်အဖြစ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပက်ကီယောင်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၆၉) ပွဲမြောက် ထိုးသတ်ရာ ပွဲ (၆၀) ပြည့် နိုင်ပွဲရရှိပြီး အလဲထိုးအနိုင်ရခြင်းမှာလည်း ၂၀၀၉ ခုနှစ် နိုဝင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ပက်ကီယောင်း (၃၉ နှစ်) က ယခုပွဲအပြီးတွင် အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။