၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်
Published 15 July 2018

ပြင်သစ် - ခရိုအေးရှား

ကစားမည့်ကွင်း - Luzhniki Stadium ၊

ဒိုင်လူကြီး -  ပီတာနာ (အာဂျင်တီးနား)

အချိန် - တနင်္ဂနွေ ည ၉း၃၀ နာရီ၊

ပြသမည့်ရုပ်သံလိုင်း - Sky Net 6 , HD, MRTV Entertainment

ပြိုင်ပွဲကာလတစ်လျှောက် ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး နှစ်သင်း ဆုံတွေ့နေတဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အစဉ်အလာပိုင်းကိုကြည့်ရင် ၁၉၉၈ ခုနှစ်မှာ ချန်ပီယံ၊ ၂၀၀၆ ခုနှစ်မှာ ဒုတိယရထားတဲ့ ပြင်သစ်အသင်းက ပိုသာပါတယ်။ ပြင်သစ်က သုံးကြိမ်မြောက် ဗိုလ်လုပွဲ ကစားခွင့်ရတာဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ခဲ့တာကြောင့် အောင်မြင်မှုနဲ့မစိမ်းတဲ့ အသင်းလို့ ဆိုရမှာပါ။ ခရိုအေးရှားကတော့ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရတဲ့ ၁၉၉၈ ပြိုင်ပွဲမှာ တတိယရပြီးနောက်ပိုင်း အုပ်စုအဆင့်ကပဲ လှည့်ပြန်နေရတဲ့အခြေအနေကိုပြောင်းလဲပြီး ဗိုလ်လုပွဲ ပထမဆုံးကစားခွင့် ရထားတာပါ။ ၁၉၉၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာလည်း ပြင်သစ်က တစ်ယောက်လျော့ကစားရပေမဲ့ ခရိုအေးရှားကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ဖူးပါတယ်။ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုရလဒ်မှာလည်း ပြင်သစ်အသင်းက တစ်ပွဲမှမရှုံးဖူးဘဲ သုံးပွဲနိုင်၊ နှစ်ပွဲ သရေကျထားပါတယ်။

ပြင်သစ်အသင်းက ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့မရှိဘဲ (၄-၂-၃-၁) ပုံစံ ကစားကွက်နဲ့ ဂျရူး၊ ဘာပေ၊ ဂရီးဇ်မန်း၊ မာတွီဒီ၊ ပေါ့ဘာ၊ ကွန်တေတို့ကိုပဲ အသုံးပြုမှာပါ။ ပြင်သစ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ အသက် ၂၅ နှစ်အထက်ကစားသမားက ခြောက်ယောက်ပဲပါပြီး လူငယ်တွေနဲ့ အဓိကဖွဲ့စည်းထားတာပါ။ ၁၉ နှစ်ပဲရှိသေးတဲ့ ကြယ်ပွင့်ကစားသမား ဘာပေရဲ့လျင်မြန်မှုနဲ့ ပေါက်ကွဲအားက တန်ပြန်တိုက်စစ်ကစားရာမှာ အဓိကကျပြီး ဂရီးဇ် မန်းကလည်း ကိုယ်တိုင်သုံးဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးထားပါတယ်။ ခရိုအေးရှားအသင်းမှာတော့ မန်ဇူကစ်၊ ပါရီဆစ်တို့ ကြံ့ခိုင်မှုပြဿနာရှိနေပြီး သူတို့နှစ်ဦးပါနိုင်ရင် (၄-၁-၄-၁)ကစားကွက်မှာ မိုဒရစ်၊ ရာကီတစ်၊ ရယ်ဘစ်၊ ဘရိုဇိုဗစ်တို့ကိုပဲ အသုံးပြုမှာပါ။ ခရိုအေးရှားရဲ့ အသက်သွေးကြောက မိုဒရစ်၊ ရာကီတစ်တို့ရဲ့ကွင်းလယ်အတွဲဖြစ်ပြီး ဒီနှစ်ယောက်ဆီက ဘောလုံးလမ်းကြောင်းမထွက်နိုင်ရင် တိုက်စစ်မှာ ပါရီဆစ်၊ မန်ဇူကစ်တို့ ရုန်းကန်ရနိုင်တယ်။ ခရိုအေးရှားက အထနှေးတတ်ပြီး ရှုံးထွက်အဆင့်သုံးပွဲစလုံး ဦးဆောင်ဂိုးပေးရပြီးမှ နောက်က လိုက်ကစားထားတာဖြစ်လို့ စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းကတော့ မေးခွန်းထုတ်စရာမရှိပါဘူး။

စာရွက်ပေါ်ကလူစာရင်းနဲ့ ယေဘုယျအခြေအနေတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ပြင်သစ်ပဲ အသာရနေတာ သေချာပါတယ်။ ခရိုအေးရှားက သုံးပွဲဆက်တိုက် မိနစ် ၁၂၀ အထိ ကစားထားရလို့ ပွဲပန်းနေနိုင်ပေမဲ့ ကံကြမ္မာကောင်းရနေတဲ့အချက်ကို မေ့ထားလို့မရပါဘူး။ ဗိုလ်လုပွဲဖြစ်လို့ နှစ်သင်းစလုံးထိန်းကစားဖို့ရှိပြီး ပြင်သစ်အသင်း တစ်ဂိုးအသာလောက်နဲ့ပဲ ချန်ပီယံဖြစ်ဖို့ရှိပါတယ်။