မြန်မာအမျိုးသမီးအသင်း ဆီမီးတွင် ထိုင်း ကိုရှုံးနိမ့်ပြီး ဗိုလ်လုပွဲတွင် ထိုင်းနှင့် သြစတြေးလျ တွေ့ဆုံ

မြန်မာအမျိုးသမီးအသင်း ဆီမီးတွင် ထိုင်း ကိုရှုံးနိမ့်ပြီး ဗိုလ်လုပွဲတွင် ထိုင်းနှင့် သြစတြေးလျ တွေ့ဆုံ
Published 12 July 2018

မြန်မာနှင့် ထိုင်းအသင်းယှဉ်ပြိုင်နေစဉ် (Photo: MFF)

၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်ပွဲများတွင် ထိုင်းအသင်းက မြန်မာအသင်းကို (၃-၁) ဂိုး၊ သြစတြေးလျ ယူ-၂၀ အသင်းက ဗီယက်နမ်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် ဝါရင့် ကွင်းလယ်ကစားသမား သန်းသန်းထွေးပါလာပြီး လူစုံအသုံးပြုခဲ့သည်။ ထိုင်းအသင်းတွင်လည်း ထိုင်း-အမေရိကန်နွယ်ဖွား တိုက်စစ်မှူး ဆူချာဝါဒီအပါအဝင် အမာခံကစားသမား အစုံအလင် ပါဝင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ထိုင်းအသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။ ၂၄ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဝင်းသိင်္ဂီထွန်း၏ ဖန်တီးပေးမှုကို ခင်မိုးဝေက ပိတ်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် ထိုင်းအသင်း တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၃၅ မိနစ်တွင် ချေပဂိုးပြန်ရခဲ့သည်။ မြန်မာနောက်ခံလူ၏ ဘောလုံးဖျက်ထုတ်ပုံ မသေသပ်သောကြောင့် ကင်ဂျာနာဘောလုံးရသွားပြီး ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဂိုးထပ်ရရန် အားထည့်ကစားခဲ့ပြီး မြန်မာအသင်းသည် ပထမပိုင်းလောက် ဖိအားပေး ကစားနိုင်ခြင်းမရှိတော့ပေ။ ၅၂ မိနစ်တွင် ထိုင်းအသင်း ဒုတိယဂိုးရခဲ့ပြီး တိုက်စစ်မှူး ပစ်ဆာမိုင်က ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုး ရပြီးနောက်ပိုင်းတွင် ထိုင်းအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၆၄ မိနစ်တွင် ရာတီကန်က တတိယဂိုးသွင်းယူခဲ့သည်။ ယင်းနောက် ပိုင်းတွင် မြန်မာအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း ထိုင်းအသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့သည်။ နာမည်ကြီး ဗီယက်နမ်အသင်းမှာလည်း သြစတြေးလျ ယူ-၂၀ အသင်းကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ သြစတြေးလျအတွက်ဂိုးများကို ၁၈၊ ၇၅ မိနစ်တွင် အဲလက်စ်၊ ၃၅ မိနစ်တွင် နီဗင်၊ ၆၃ မိနစ်တွင် ကော်နီရော့စ်တို့က သွင်းယူပြီး ဗီယက်နမ်အတွက် ချေပဂိုးကို ငုယင်သီတူယက်ဒေါင်က ၁၇၊ ၈၉ မိနစ်တွင် သွင်းယူသည်။ တတိယလုပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် သြစတြေးလျအသင်း တွေ့ဆုံနေပြီး ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။