ယခုကမ္ဘာ့ဖလားကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ်မရနိုင်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် သုံးသပ်

ယခုကမ္ဘာ့ဖလားကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ်မရနိုင်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် သုံးသပ်
Published 7 July 2018

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က မိမိတို့အနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ်ထပ်မရနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

အင်္ဂလန်အသင်းသည် ၁၆ သင်းအဆင့်တွင် ကိုလံဘီယာအသင်းအား ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရပြီးနောက် ၂၀၀၆ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခွင့် ရထားသည်။ ကွာတားဖိုင်နယ်အဖြစ် ဆွီဒင်အသင်းနှင့် ဇူလိုင် ၇ ရက် (ယနေ့) ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ကျော်ဖြတ်နိုင်ပါက ၁၉၉၀ ပြည့်နှစ်ပြိုင်ပွဲနောက်ပိုင်း ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ် ပြန်လည် တက်ရောက်ခွင့်ရမည့်အပြင် အိမ်ရှင်ရုရှား (သို့မဟုတ်) ခရိုအေးရှားအသင်းနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ဆောက်ဂိတ်က “ဒါက တကယ့်အခွင့်အရေးကောင်းပါပဲ။ ကျွန်တော်တို့အသင်းက နှစ်နှစ်အတွင်းမှာ တစ်ဦးချင်းအလိုက် ပိုပြီးကောင်းမွန်လာပေမဲ့ ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ်ထပ်မရနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆွီဒင်အသင်းကိုလည်း လေးစားမှုအပြည့်ရှိပါတယ်။ အရင်တုန်းကပွဲတွေမှာ သူတို့ကို လျှော့တွက်ခဲ့တယ် လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအမှားမျိုး ကျူးလွန်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေကလည်း သူတို့တွေလိုပဲ တူညီတဲ့အခြေအနေကနေ လာကြသူတွေပါ။ သူတို့ကစားသမားတွေက အသက်ပိုကြီးပြီး အတွေ့အကြုံရင့်ကျက်တယ်။ ပြိုင်ပွဲမှတ်တမ်းကလည်း ကျွန်တော်တို့ထက် ပိုကောင်းတယ်။ ဒါပေမဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်ပစ်ချလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။ အင်္ဂလန် အသင်းသည် ဆွီဒင်အသင်းနှင့် ၂၀၀၂၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ၂၄ ပွဲယှဉ်ပြိုင် ကစားဖူးပြီး ရှစ်ပွဲသာ အနိုင်ရကာ ကိုးပွဲသရေ၊ ခုနစ်ပွဲ ရှုံးနိမ့်ထားသည့်အပြင် ၂၀၁၂ ခုနှစ်က နောက်ဆုံးဆုံတွေ့သည့် ခြေစမ်းပွဲတွင် (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

ထို့ပြင် ကိုလံဘီယာအသင်းနှင့်ပွဲ၌ လူစားဝင်လာပြီးနောက် ပေါင်ခြံဒဏ်ရာရရှိခဲ့သည့် တိုက်စစ်မှူး ဗာဒီသည် ယနေ့ကစားမည့်ပွဲအား လွဲချော်ဖွယ်ရှိပြီး အယ်လီ၊ အက်ရှ်လေယန်းနှင့် ဝေါ်လ်ကာမှာမူ ပါဝင်ရန် အခွင့် အရေးရှိကြောင်း ဆောက်ဂိတ်က ဆက်လက် ပြောကြားသည်။ “ဗာဒီက ဒီနေ့ (ဇူလိုင် ၅ ရက်) လေ့ကျင့်မှုမလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီပွဲမှာပါဝင်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ။ ဒယ်လီက ဘာပြဿနာမှမရှိဘဲ ယန်းနဲ့ ဝေါ်လ်ကာတို့ရဲ့ အခြေအနေကလည်း ပြင်းထန်စရာမရှိပါဘူး” ဟု ၎င်းင်းက ဆိုသည်။