စီရော်နယ်လ်ဒို မန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီ နေမာကို ရီးယဲလ်မက်ဒရစ်ခေါ်ယူမည်ဟု စပိန်မီဒီယာများ ဖော်ပြ

စီရော်နယ်လ်ဒို မန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေပြီ နေမာကို ရီးယဲလ်မက်ဒရစ်ခေါ်ယူမည်ဟု စပိန်မီဒီယာများ ဖော်ပြ
Published 25 June 2018

 

 

Photos: Daily Star

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာရန်သေချာနေပြီး မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန် PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် (၉)နှစ်ကြာ ကစားပြီးနောက် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ စပိန်နာမည်ကြီး သတင်းစာတစ်စောင် ဖြစ်သည့် Don Balon ၏ ဖော်ပြချက်အရ PSG အသင်းတိုက်စစ်မှူး နေမာသည် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် ပုံမှန်အဆက်အသွယ်ရှိနေပြီး၊ ပီရက်ဇ်သည် နေမာကို ရီးယဲလ်မက်ဒရစ်သို့ ခေါ်ယူရန် ကြိုးစား နေသူလည်း ဖြစ်သည်။

ရီးယဲလ်မက်ဒရစ် အသင်းဥက္ကဋ္ဌ ပီရက်ဇ်က စီရော်နယ်လ်ဒိုသည် လာမည့်ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာရန် သေချာနေကြောင်း နှင့် စီရော်နယ်လ်ဒိုကို ရောင်းချရာမှ ရရှိသည့် ငွေများဖြင့် ၎င်းကို ခေါ်ယူမည်ဟု နေမာကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ရီးယဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ပြောကြားခဲ့သည်များကို ၎င်းင်း၏ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီကို ပြန်လည်ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒို(၃၃ နှစ်)ကို ခေါ်ယူရန် အသင်းဟောင်း မန်ယူနှင့် PSG အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြသော်လည်း စီရော်နယ်လ်ဒိုသည် မန်ယူအသင်းသို့သာ ပြန်လည်ပြောင်းရွှေ့လိုနေကြောင်း သိရှိရသည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ်မှာ စပိန်လာလီဂါထက် နည်းစနစ်ပိုင်း ပိုနိမ့်သည်အတွက် ၎င်းအနေဖြင့် ခြေစွမ်းပိုပြနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ မန်ယူအသင်းသည် လာမည့်ရာသီတွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းထံမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူရန် ပစ်မှတ်ထားနေရာ နာမည်ကြီးကစားသမားများ ခေါ်ယူလိုနေပြီး စီရော်နယ်လ်ဒို၏ မိခင်ကလည်း သားဖြစ်သူကို မန်ယူအသင်းသို့သာ ပြန်လည်ပြောင်းရွှေ့ စေလိုနေကြောင်း သိရှိရသည်။