ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းစာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ရာ မန်ယူအသင်း ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်

ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်းစာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ရာ မန်ယူအသင်း ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်
Published 14 June 2018

 

Photos: Getty Images,Forbes

 

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းက ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်း စာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူအသင်းက ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်နှစ်က ထုတ်ပြန်မှုတွင်လည်း ထိပ်ဆုံးတွင်ရှိခဲ့ပြီး ယခုတစ်ကြိမ်ထုတ်ပြန်မှု၌ တန်ဖိုးမြင့်တက်လာကာ ဆက်လက်ဦးဆောင်နေခြင်း ဖြစ်သည်။ ယမန်နှစ်က Forbes မဂ္ဂဇင်း၏ထုတ်ပြန်မှုတွင် အမေရိကန်ဒေါ်လာ(၃.၆၉)ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၆၉၀ သန်း)တန်ဖိုး ရှိခဲ့သော မန်ယူအသင်းသည် ယခုနှစ်ထုတ်ပြန်မှုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ(၄.၁၂)ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၁၂၃ သန်း) သတ်မှတ်ခံရပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယနေရာတွင် ချန်ပီယံလိဂ်(၃)ကြိမ်ဆက်ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း ရှိနေပြီး Forbes မဂ္ဂဇင်းက တန်ဖိုး အမေရိကန်ဒေါ် လာ (၄.၀၈၈)ဘီလီယံ သတ်မှတ်ခဲ့သည်။ တတိယနေရာတွင် ဘာစီလိုနာ၊ စတုတ္ထနေရာတွင် ဘိုင်ယန်မြူးနစ်အသင်းများ ရှိနေပြီး အောက်တွင် ပရီးမီးယားလိဂ်အသင်းကြီး(၄)သင်းဖြစ်သည့် မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတို့ အစဉ်လိုက်အတိုင်းရှိနေသည်။

ကျန်ပရီးမီယားလိဂ်အသင်းကြီးတစ်သင်းဖြစ်သည့် စပါးအသင်းက အဆင့်(၁၀) နေရာတွင်ရှိနေပြီး ပရီးမီးယားလိဂ်အသင်းကြီး (၆)သင်းမှာ ကမ္ဘာ့တန်ဖိုးအရှိဆုံး(၁၀)သင်းစာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၁၆-၁၇ ဘောလုံးရာသီအတွင်း မန်ယူအသင်းလည်ပတ်ခဲ့သည့်ငွေကြေးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၇၃၇)သန်းရှိခဲ့ပြီး အနီးစပ်ဆုံးအသင်းထက် (၂)ဆနီးပါးများပြားသည့်ပမာဏဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ကမ္ဘာ့တန်ဖိုးအရှိဆုံးအားကစားအသင်းများစာရင်း၌ အမေရိကန်ဘောလုံးအသင်း ဒဲလက်စ်ကောင်းဘွိုင်း၏အောက် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး အကျိုးအမြတ်ဝင်ငွေအကောင်းဆုံး အားကစားအသင်း စာရင်းတွင်လည်း ယင်းအသင်း၏အောက် ဒုတိယနေရာတွင် ရပ်တည်နေကြောင်းသိရှိရသည်။