<

ကာရီယပ်စ်ကို နှစ်သိမ့်မှုမပေးခဲ့သည့် လီဗာပူးလ်ကစားသမားများဝေဖန်ခံရ

 

Photos: AFP

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရီးယဲလ်မက်ဒရစ်(၃-၁) လီဗာပူးလ်ပွဲအပြီး၌ လီဗာပူးလ်ဂိုးသမား ကာရီယပ်စ်ကို နှစ်သိမ့်အားပေးမှုမပြုလုပ်ခဲ့သည့် လီဗာပူးလ်ကစားသမားများမှာ ဘောလုံးဝေဖန်သုံးသပ်သူများနှင့် ပရိသတ်အချို့၏ ဝေဖန်မှုကိုခံခဲ့ရကြောင်း သိရှိရသည်။

ယင်းပွဲတွင် ပွဲချိန်(၅၁)မိနစ်၌ ကာရီယပ်စ်၏အမှားမှ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို၊ ပွဲချိန်(၈၃) မိနစ်တွင် ရီးယဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ် အဝေးမှသွင်းယူသော ဘောလုံး ကိုလည်း ကာရီယပ်စ်က ထိထိရောက်ရောက် မပုတ်ထုတ်နိုင်ခဲ့၍ တတိယဂိုးပေးခဲ့ရသည်။

ယင်းပွဲတွင် အဓိကကျသောအမှားများကို ကျူးလွန်ခဲ့သူ ကာရီယပ်စ်မှာ ပွဲရှုံးနိမ့်မှုအတွက် အလွန်ဝမ်းနည်းနေပြီး ပွဲသိမ်းခရာမှုတ်ချိန်တွင် ဂိုးရှေ့၌ မိနစ်အနည်းငယ်မျှ ခေါင်းငိုက်စိုက်ကျနေခဲ့သည်။ ယင်းကဲ့သို့ သူ တစ်ဦးတည်းဝမ်းနည်းနေသည်ကို အသင်းဖော် လီဗာပူးလ်ကစားသမားတစ်ဦးတစ်ယောက်မျှ လာရောက် အားပေးနှစ်သိမ့်ခြင်းမရှိခဲ့ပေ။

ထို့နောက် ကာရီယပ်စ်အား ရီးယဲလ်မက်ဒရစ်ကစားသမားအချို့က ၀ိုင်း၍ အား ပေးနှစ်သိမ့်ခဲ့ကြသည်။ လီဗာပူးလ်ကစားသမားများ၏ နှစ်သိမ့်ရန်ပျက်ကွက်သောလုပ်ရပ်အတွက် အာဆင်နယ်၊ အဲဗာတန်နှင့် ၀က်စ်ဘရွန်းအသင်းများတွင် ကစားခဲ့ဖူးသူ တိုက်စစ်မှူး ကီဗင်ကမ်းဘဲလ်ကိုယ်တိုင်က Twitter စာမျက်နှာတွင် “ကာရီယပ်စ်ဟာ သူ့ရဲ့အသင်းဖော်တွေဆီက အားပေးနှစ်သိမ့် မှုရသင့်ပါတယ်။ သူဟာ ကွင်းထဲမှာ တစ်ဦး တည်းရှိခဲ့ရပြီး ရီးယဲလ်ကစားသမားတွေက တောင် သူ့ကို အားပေးနှစ်သိမ့်ခဲ့ရပါတယ်” ဟု ရေးသားခဲ့သည်။

ကာရီယပ်စ်သည် လီဗာပူးလ်ပရိသတ်များရှိရာ ပွဲကြည့်စင်ဘက်သို့ သွားရောက်ခဲ့ပြီး ပရိသတ်များကို တောင်းပန်ခဲ့သည်။ ယင်းကဲ့သို့ ပရိသတ်ကိုတောင်းပန်သည့်လုပ်ရပ်အတွက် လီဗာပူးလ်ဂန္ထ၀င်ကစားသမားတစ်ဦးဖြစ်သူ (လက်ရှိရိန်းဂျားစ်အသင်းနည်းပြ)ဂျရတ်က ချီးကျူးပြောကြားခဲ့သည်။

“ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီလို အမှားကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှာမဟုတ်ပါဘူး။ ပရိသတ်တွေအနေနဲ့ သူ့ကို စာနာမှုထားသင့်ပါတယ်။ သူ့ရဲ့တောင်းပန်တဲ့ လုပ်ရပ်အတွက်လည်း ကျွန်တော် သူ့ကို ချီး ကျူးချင်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေက သူ့ကို ဆက်လက်အားပေးနေလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အသင်းမှာ လက်စွမ်း ကောင်းကောင်းပြန်ပြနိုင်မယ်ဆိုရင် ပရိသတ်တွေက သူ့ကို အားမပေးစရာအကြောင်း မရှိပါဘူး။ အခုလောလောဆယ်မှာတော့ သူ့ အတွက် ခက်ခဲတဲ့နွေရာသီကို ဖြတ်သန်းရဦးမှာပေါ့”ဟု ဂျရတ်က ပြောကြားခဲ့သည်။

May 27, 2018














Copy Protected by Chetan's WP-Copyprotect.