ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ်မှာ မှတ်တမ်းသစ် ရေးထိုးခဲ့ကြတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ နည်းပြ ဇီဒန်း

ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ်မှာ မှတ်တမ်းသစ် ရေးထိုးခဲ့ကြတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ နည်းပြ ဇီဒန်း
Published 27 May 2018

ချန်ပီယံလိဂ်ဖလားနှင့် အတူ အောင်ပွဲခံနေသည့် ရီးယဲလ်မက်ဒရစ်အသင်းသားများ (Photo: AFP/Getty Images)

ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာတော့ ရေပန်းစားနေတဲ့အတိုင်း ရီးယဲလ်မက်ဒရစ်ကပဲ လီဗာပူးလ်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၃)ကြိမ်ဆက် ဗိုလ်စွဲခဲ့သလို၊ နည်းပြ ဇီဒန်းဟာလည်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံဆုကို (၃)နှစ်ဆက် ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့တာဟာ ဂါရတ်ဘေးလ်ရဲ့ ခြေစွမ်းကြောင့် ဖြစ်သလို၊ လီဗာပူးလ်ဂိုးသမား ကာရီယက်စ်ရဲ့ ပေါ့ဆမှုကြောင့်လို့လည်း ဆိုရမှာပါ။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ ဂါရတ်ဘေးလ်ကို အရံခုံမှာ ထားခဲ့ပြီး စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ အစ္စကို၊ ရာမို့စ်၊ မာဆယ်လိုစတဲ့ အဓိကကစားသမားအစုံအလင်ကို ပွဲထုတ်ကာ (၄-၃-၁-၂)ကစားကွက်နဲ့ ကစားခဲ့ပါတယ်။ ဒီလူစာရင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်ကို အနိုင်ယူခဲ့တဲ့ အတိုင်းပါပဲ။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၂)ခုဆက် ပွဲထွက်စာရင်းမပြောင်းလဲတဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ ဒီရာသီမှာ ပွဲထုတ်နေကျပုံစံအတိုင်း (၄-၃-၃)ကစားကွက်ကို အသုံးပြုခဲ့ပြီး မာနေ၊ ဆာလာ၊ ဖေမီနိုတို့ကို ရှေ့တန်းမှာ ထားကာ ဝိုင်နယ်လ်ဒမ်း၊ ဟန်ဒါဆင်၊ မီလ်နာ၊ ဗန်ဒိုက်၊ လိုဗရန်တို့နဲ့ လူစုံခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပွဲစတာနဲ့ အတင်းဝင် အတင်းထွက်ပုံစံနဲ့ ကစားခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်တို့ ကစားကွက်တည်မရဘဲ အခက်တွေ့ခဲ့ရပါတယ်။ ပွဲချိန် (၁၄)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်လ်ဒို ဂိုးပေါက်ကန်ခွင့် ရခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားသလို လီဗာပူးလ်ဘက်က အာနိုးလ်ရဲ့ အပိုင်ကန်ချက်ကိုလည်း ရီးယဲလ်မက်ဒရစ်ဂိုးသမား နာဗတ်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်းမရှိသည့်အတွက် ဝမ်းနည်းနေသည့် လီဗာပူးလ်တိုက်စစ်သမား ဆာလာ (Photo: AFP/Getty Images)

ပွဲစကတည်းက ဖိကစားနေတဲ့ လီဗာပူးလ်ဟာ ပွဲချိန်(၂၇)မိနစ်မှာ ရာမို့စ်နှင့် ယှဉ်လုရင်း ဆာလာ ပုခုံးဒဏ်ရာရရှိပြီး ထွက်သွားရတဲ့နောက်မှာတော့ စိတ်ဓာတ်ပါ ကျသွားပုံရပြီး ကစားအားလည်း ကျသွားခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် အခွင့်အရေးတွေ သိပ်မရခဲ့ကြပါဘူး။ ပွဲချိန် (၄၂)မိနစ်မှာ စီရော်နယ်လ်ဒို ခေါင်းတိုက်ချက်က ပြန်ထွက်လာတဲ့ ဘောလုံးကို ရီးယဲလ်မက်ဒရစ်အတွက် ဘန်ဇီမာက ဂိုးသွင်းခဲ့ပေမယ့် စီရော်နယ်လ်ဒို လူကျွံနေခဲ့လို့ ဂိုးတော့ မရခဲ့ပါဘူး။

လီဗာပူးလ်ဂိုးသမားကာရီယက်စ်၏ အမှားမှတစ်ဆင့် ဘန်ဇီမာက ရီးယဲလ်အတွက် အဖွင့်ဂိုး သွင်းယူနေစဉ် (Photo: AP)

ဒုတိယပိုင်း ပြန်စခဲ့တာအခါမှာတော့ ရီးယဲလ်မက်ဒရစ်က ပိုဖိကစားခဲ့ပြီး ပွဲချိန် (၄၈)မိနစ်မှာ လီဗာပူးလ်ကစားသမားတွေ ဖျက်ထုတ်လို့ ကျွံထွက်လာတဲ့ ဘောလုံးကို အစ္စကို ဧရိယာအတွင်းမှာ ကန်ခွင့်ရခဲ့ပေမယ့် ဂိုးဘားတန်းထိခဲ့လို့ ရီးယဲလ်တို့ နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ နောက်(၃)မိနစ်အကြာ ပွဲချိန် (၅၁)မိနစ်မှာပဲ ရီးယဲလ်မက်ဒရစ်တို့ အဖွင့်ဂိုးစရခဲ့ပါတယ်။ ဒီဂိုးဟာ ကာရီယက်စ်ရဲ့ အမှားဖြစ်ပြီး၊ ဘန်ဇီမာ ရှိနေရဲ့နဲ့ ဘောလုံးက အသင်းဖော်ဆီ ပစ်ပေးခဲ့ရာမှ ဘန်ဇီမာက ခြေထောက်နဲ့ဖြတ်တားပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးလ်ဟာ စိတ်ဓာတ်မကျဘဲ ကြိုးစားခဲ့တာကြောင့် (၅၅)မိနစ်မှာ ချေပဂိုးရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ လိုဗရန်ရဲ့ ခေါင်းတိုက်ချက်ကို မာနေက ပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ မာနေအတွက် ဒီရာသီ ချန်ပီယံလိဂ် (၁၀)ဂိုးမြောက် ဖြစ်ပြီး၊ ချန်ပီယံလိဂ်သမိုင်းမှာ အသင်းတစ်သင်းတည်းက ကစားသမား(၃)ဦးက တစ်ဦး (၁၀)ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ အသင်းအဖြစ် လီဗာပူးလ်က မှတ်တမ်းဝင်ခဲ့ပါတယ်။

လီဗာပူးလ်အတွက် ချေပဂိုးကို မာနေက သွင်းယူနေစဉ် (Photo: Reuters)

ချေပဂိုး ပေးလိုက်ရပြီးနောက်မှာ ဇီဒန်းဟာ ဂါရတ်ဘေးလ်ကို အစ္စကိုနဲ့ လူစားလဲပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဇီဒန်းရဲ့ လူစားလဲမှုဟာ မှန်ကန်ခဲ့ပြီး ဘေးလ်ဟာ ကွင်းအတွင်း ဝင်လာပြီး (၃)မိနစ်အကြာ ပွဲချိန် (၆၄)မိနစ်မှာ မာဆယ်လိုရဲ့ ပေးပို့မှုကို နောက်ပြန်ကန်ချက်နဲ့ လှလှပပကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အတွက် ဒုတိယဦးဆောင်ဂိုးကို ဘေးလ် နောက်ပြန်ကန်ချက်ဖြင့် သွင်းယူနေစဉ် (Photo: PA)

 

အဲဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်ဟာ အတွေ့အကြုံရှိရှိနဲ့ ထိန်းကစားခဲ့ပြီး ပွဲချိန် (၈၃)မိနစ်မှာ အနိုင်သေချာစေမယ့် တတိယဂိုးတောင် ရရှိခဲ့ပါသေးတယ်။ လူစားဝင်လာပြီး ခြေစွမ်းပြနေတဲ့ ဂါရတ်ဘေးလ်ကပဲ (၂၅)ကိုက် အကွာကနေ ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာလည်း ကာရီယက်စ်ရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်ပြီး ဘေးလ်ကန်လိုက်တဲ့ ဘောလုံးဟာ သူ့ဆီတည့်တည့်မတ်မတ် ရောက်လာခဲ့ပေမယ့် ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ရီးယဲလ်မက်ဒရစ်အတွက် တတိယမြောက်အနိုင်ဂိုးကို (၂၅)ကိုက်အကွာ ဂါရတ်ဘေးလ် ကန်သွင်းနေစဉ် (Photo: UEFA via Getty Images)

အဲဒီနောက်ပိုင်းမှာတော့ ရီးယဲလ်မက်ဒရစ်က ပွဲကို ထိန်းကစားပြီး၊ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ်(၃)နှစ်ဆက်တိုက်ရယူနိုင်ခဲ့သလို အသင်းသမိုင်းတစ်လျှောက် (၁၃)ကြိမ်မြောက်အဖြစ် သိမ်းပိုက်သွားခဲ့ပါတယ်။ ထို့ပြင် ကစားသမားဘ၀ ချန်ပီယံလိဂ်ဆုဖလားကို (၅)ကြိမ်မြောက်ရရှိခဲ့တဲ့ စီရော်နယ်လ်ဒိုနဲ့ (၃)ကြိမ်မြောက်ရရှိခဲ့တဲ့ နည်းပြဇီဒန်းတို့ဟာလည်း မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှ ထူးခြားချက်များ
---------------------------------------
ရီးယဲလ်အသင်းအတွက် အနိုင်ဂိုး (၂)ဂိုးသွင်းယူခဲ့သူ ဂါရတ်ဘေးလ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသမိုင်းတွင် လူစားဝင်ရောက်ပြီး (၂)ဂိုးသွင်းယူသည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမားများဖြစ်သော ဆာလာ၊ ဖေမီနိုနှင့် မာနေတို့သည် တစ်ဦးလျှင် (၁၀)ဂိုးစီသွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်းတွင် တစ်သင်းတည်းမှ ကစားသမား(၃)ဦး (၁၀)ဂိုးနှင့်အထက် သွင်းယူသည့် ပထမဆုံးစွမ်းဆောင်နိုင်မှုဖြစ်ခဲ့သည်။

လီဗာပူးလ်အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သူ မာနေသည် ချန်ပီယံလိဂ်သမိုင်းတွင် အယ်လ်ဂျီးရီးယား တိုက်စစ်မှူး မက်ဂျာ၊ ကင်မရွန်းတိုက်စစ်မှူး အီတူးနှင့် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာတို့နောက် ဗိုလ်လုပွဲတွင် ဂိုးသွင်းသည့် စတုတ္ထမြောက် အာဖရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သူ ဘန်ဇီမာသည် ၂၀၀၂ ဗိုလ်လုပွဲတွင် ဇီဒန်းဂိုးသွင်းပြီးနောက် ဗိုလ်လုပွဲတွင် ဂိုးသွင်းယူခဲ့သည့် ပြင်သစ်ကစားသမား ဖြစ်ခဲ့သည်။

လီဗာပူးလ်အသင်း၏ ပွဲထွက်လူစာရင်းသည် ပျမ်းမျှအသက် (၂၆)နှစ်၊ (၁၇၀)ရက် သာရှိပြီး ၂၀၁၃ ခုနှစ်ဗိုလ်လုပွဲတွင် ဒေါ့မွန်အသင်း၏ (၂၅)နှစ်၊ (၂၅၅)ရက်ပြီးလျှင် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၏ အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် သူ၏နည်းပြဘဝတွင် ရှုံးထွက်ဖလားဗိုလ်လုပွဲ (၆)ကြိမ် (ဂျာမန်ဖလား-၂ ကြိမ်၊ ချန်ပီယံလိဂ် -၂ကြိမ်၊ ယူရိုပါလိဂ် - ၁ကြိမ်၊ လိဂ်ဖလား - ၁ ကြိမ်) တက်ရောက်ခဲ့ရာတွင် ၂၀၁၂ ဂျာမန်ဖလားဗိုလ်လုပွဲတွင် သာအနိုင်ရရှိခဲ့သည်။

ရီးယဲလ်နည်းပြဇီဒန်းသည် ဥရောပဖလား (ယခုချန်ပီယံလိဂ်) ပြိုင်ပွဲတွင် ဆုဖလားအများဆုံးရနည်းပြများအဖြစ် (၃)ကြိမ်စီရရှိထားသော ဘော့ပီစလေနှင့် အန်ဆယ်လော့တီတို့၏စံချိန်ကို လိုက်မီခဲ့သလို၊ ဥရောပဖလား (ယခုချန်ပီယံလိဂ်) ပြိုင်ပွဲသမိုင်းတွင် ဆုဖလား (၃)ကြိမ်ဆက်ရရှိသည့် ပထမဆုံးနည်းပြဖြစ်လာခဲ့သည်။

ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားနှင့် အက်သလက်တီကိုက ယူရိုပါလိဂ်ရယူပြီးနောက် မက်ဒရစ်မြို့သည် ၁၉၉၃-၉၄ ရာသီတွင် အေစီမီလန်က ချန်ပီယံလိဂ်၊ အင်တာမီလန်က ယူရိုပါလိဂ် အပြီးတစ်မြို့တည်းမှ ဥရောပဖလား (၂)လုံးစလုံးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ၁၉၇၄ မှ ၁၉၇၆ အထိ ဥရောပဖလားကို (၃)ကြိမ်ဆက်ရယူခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းနောက်ပိုင်း ၂၀၁၆ မှ ၂၀၁၈ အထိချန်ပီယံလိဂ်ချန်ပီယံဆုကို (၃)ကြိမ်ဆက် တစ်ကျော့ပြန်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အသင်းဖြစ်ခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်သည် လီဗာပူးလ်အသင်းအား ရှုံးထွက်ဖလားပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ (၃)ကြိမ် ပို့ဆောင်နိုင်ခဲ့ပြီး (၃)ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရသည်။

စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်မြောက် ရယူနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။