ချန်ပီယံလိဂ်၌ လီဗာပူးလ်အသင်း ဗိုလ်စွဲပါက မြို့အတွင်းလှည့်ပတ်အောင်ပွဲခံမည့်အစီအစဉ်ကို လွဲချော်ရဖွယ်ရှိနေသည့် လီဗာပူးလ်ပရိသတ်များ ဒေါသထွက်

ချန်ပီယံလိဂ်၌ လီဗာပူးလ်အသင်း ဗိုလ်စွဲပါက မြို့အတွင်းလှည့်ပတ်အောင်ပွဲခံမည့်အစီအစဉ်ကို လွဲချော်ရဖွယ်ရှိနေသည့် လီဗာပူးလ်ပရိသတ်များ ဒေါသထွက်
Published 21 May 2018

 

 

Photos: Getty Images

လာမည့်မေလ(၂၆)ရက်နေ့တွင် ကစားမည်ဖြစ်သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်း ဗိုလ်စွဲခဲ့ပါက ချန်ပီယံဆုဖလားနှင့်အတူ လီဗာပူးလ်မြို့အတွင်း လှည့်ပတ်အောင်ပွဲခံမည့်အစီအစဉ်အား အသင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့ရာ လီဗာပူးလ်ပရိသတ်အချို့မှာ ယင်းအစီအစဉ်ကို လွဲချော်ရဖွယ်ရှိနေသဖြင့် ဒေါသထွက်နေ ကြကြောင်း သိရှိရသည်။

၎င်းပရိသတ်များမှာ ယင်းဗိုလ်လုပွဲကျင်းပမည့် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးမည့် ပရိသတ်များဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေလ(၂၆)ရက် (စနေနေ့)တွင် ကျင်းပသွားမည်ဖြစ်ပြီး လီဗာပူးလ်အသင်းတာဝန်ရှိသူများက ချန်ပီယံဖလားနှင့် မြို့အတွင်း အောင်ပွဲခံမည့်အစီအစဉ်အား နောက်တစ်ရက်ဖြစ်သည့် မေလ(၂၇) ရက်(တနင်္ဂနွေနေ့)တွင်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ကိဗ်မြို့သို့ သွား ရောက်မည့်ပရိသတ်များအနေဖြင့် လီဗာပူးလ် မြို့အတွင်း လှည့်ပတ်အောင်ပွဲခံမည့်ယင်းအစီအစဉ်ကို လွဲချော်ရဖွယ်ရှိနေသည်။ လီဗာပူးလ်မြို့နှင့် ကိဗ်မြို့မှာ အကွာအဝေး အလွန်ဝေးကွာ သည့် အပြင် ယင်းမြို့နှစ်မြို့အကြား တိုက်ရိုက်ပျံသန်းသောလေယာဉ်ခရီးစဉ်မရှိခြင်းကြောင့် ကိဗ်မြို့သို့လိုက်ပါ အားပေးမည့် လီဗာပူးလ်ပရိသတ်များမှာ မေလ (၂၇)ရက်တွင် ကျင်းပမည့် အောင်ပွဲခံအခမ်းအနားသို့ အချိန်မီပြန်လာရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

လီဗာပူးလ်အသင်း မြို့တော်ဝန် ဂျိုးအန်ဒါဆန်က အောင်ပွဲခံအခမ်းအနားကျင်းပရန် လီဗာပူးလ်အသင်းတာဝန်ရှိသူများ၏ တောင်းဆိုမှုကို ပြောကြားခဲ့သည်။ " လီဗာပူးလ်အသင်းက မြို့အတွင်း လှည့်ပတ်အောင်ပွဲခံမယ့် အစီအစဉ်ကို လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီနေ့ကတော့ မြို့ထဲမှာ လူတော့နည်းနည်းရှုပ်ပါလိမ့်မယ်။ တကယ်လို့သာ သူတို့(လီဗာပူးလ်အသင်း) ဗိုလ်စွဲခဲ့မယ်ဆိုရင် သူရဲကောင်းတွေလို ကြိုဆိုဖို့ ထိုက်တန်တာကြောင့် ဒီတောင်းဆိုမှုကို ခွင့်ပြုဖို့ ကျွန်တော်တို့ဘက်က အသင့်ရှိနေပါတယ်။ ဒါပေမဲ့ ကိဗ်မြို့မှာ သွားရောက်အားပေးတဲ့ လီဗာပူးလ်ပရိသတ်တွေကတော့ ဒီအောင်ပွဲခံမယ့် အခမ်းအနားကို အချိန်မီ တက်ရောက်ဖို့ မလွယ်ကူပါဘူး။ ၂၀၀၅ ခုနှစ်ကလည်း ဒီလို အခြေအနေမျိုးဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ကတော့ ကလပ်အသင်းက တောင်းဆိုတဲ့ နေ့ရက်နဲ့ အချိန်အတိုင်း ဒီအစီအစဉ်ကို ပြုလုပ်ဖို့ တာဝန်ရှိသူတွေဆီ လမ်းညွှန်ချက်တွေ ပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။