ချယ်လ်ဆီးအသင်းအတွက် ဟာဇက် ပွဲ(၃၀၀)ပြည့်သွားခဲ့ပြီးအနာဂတ်အတွက် မစဉ်းစားသေးဟု ပြောကြား

ချယ်လ်ဆီးအသင်းအတွက် ဟာဇက် ပွဲ(၃၀၀)ပြည့်သွားခဲ့ပြီးအနာဂတ်အတွက် မစဉ်းစားသေးဟု ပြောကြား
Published 21 May 2018

 

 

ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော FA ဖလားဗိုလ်လုပွဲ ချယ်လ်ဆီး(၁-ဝ)မန်ယူပွဲတွင် အသင်းအတွက် ပွဲ(၃၀၀)ပြည့်သွားခဲ့ကြောင်း သိရှိရသည်။ ဟာဇက်သည် ၂၀၁၂ နွေရာသီက ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ ကြေးပေါင်(၃၂)သန်းဖြင့်ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်(၂၀၈)ပွဲအပါအဝင် ပြိုင်ပွဲစုံ ပွဲ (၃၀၀)ကစားပေးခဲ့ခြင်းဖြစ်သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် (၆)ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး(၆၉)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၈၉)ဂိုးသွင်းယူပေးခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော FA ဖလားဗိုလ်လုပွဲတွင်လည်း ဟာဇက်သည် အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ပရီးမီးယားလိဂ်ဖလား(၂) လုံး၊ FA ဖလား(၁)လုံး၊ လိဂ်ဖလား(၁)လုံး၊ ယူရိုပါလိဂ် ဖလား(၁)လုံးဆွတ်ခူးရရှိခဲ့သည်။ ဟာဇက်အားခေါ်ယူရန် လာလီဂါကလပ်အသင်းကြီးဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းက ပစ်မှတ်ထားနေပြီး ချယ်လ်ဆီးအသင်းကလည်း သူ့အား တစ်ပတ်လစာငွေ ပေါင်(၃)သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

ဟာဇက်က သူ၏အနာဂတ်နှင့်ပတ်သက်၍ အာမခံချက်တစ်စုံတစ်ရာမပေးခဲ့ဘဲ လာမည့်ရာသီအတွက် မစဉ်းစားသေးဟု ပြောကြားခဲ့သည်။ ဟာဇက်က BT Sport ရုပ်သံသို့ "လက်ရှိအချိန်မှာ ကျွန်တော်တို့ ပြန် ပြီးအာရုံစိုက်စရာ ကမ္ဘာ့ဖလားရှိနေပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ အားလပ်ရက်အနည်းငယ် ရရှိမှာဖြစ်ပါတယ်။ ပြီးရင် ရှေ့လာမယ့်ပွဲတွေအတွက် ပြန်ပြီးအာရုံစိုက်ရမှာပါ။ ဒါကြောင့် လက်ရှိအချိန်တွေမှာ လာမယ့်ရာသီအတွက် ဘာမှမပြောချင်သေးပါဘူး။ ဒီအချိန်မှာပြောရမှာက အားလပ်ရက်အကြောင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းပဲဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ပွဲ(၃၀၀)ပြည့်သည့် (၃၅)ဦးမြောက်ကစားသမားဖြစ်လာကြောင်း သိရှိရသည်။