၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုနှင့် LMA အကောင်းဆုံးနည်းပြဆုများကို ဂွါဒီယိုလာ ဆွတ်ခူး

၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုနှင့် LMA အကောင်းဆုံးနည်းပြဆုများကို ဂွါဒီယိုလာ ဆွတ်ခူး
Published 17 May 2018

 

 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ်အ ကောင်းဆုံးနည်းပြဆုနှင့် လိဂ်မန်နေဂျာများအဖွဲ့ ချုပ်(LMA) မှချီးမြှင့်သည့် အကောင်းဆုံးနည်းပြဆုများကိုဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။ ဂွါဒီယိုလာသည် သူ၏မန်စီးတီးအသင်းအား ပရီးမီးယားလိဂ်တွင် စံချိန်မှတ်တမ်းများနှင့် ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် ယင်းဆုများကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် စံချိန်တင်ရမှတ်(၁၀၀ မှတ်)၊ စံချိန်တင်သွင်းဂိုး(၁၀၆ ဂိုး)များဖြင့် ဗိုလ်စွဲခဲ့သလို၊ အ ခြားစံချိန်များစွာလည်း တင်ရှိနိုင်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က လန်ဒန်မြို့တွင်ပြုလုပ်သော LMA ဆုပေးပွဲအခမ်းအနား၌ ဂွါဒီယိုလာအား LMA အကောင်းဆုံးနည်းပြဆု ချီးမြှင့်ပေးအပ်ခဲ့သလို၊ အောက်တန်းလိဂ်များရှိ နည်းပြများကိုလည်း အကောင်းဆုံးနည်းပြဆုများပေးအပ်ခဲ့သည်။

ဝုလ်ဗ်အသင်းကို လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲအောင်စွမ်းဆောင်ပေးခဲ့သည့် နည်းပြ နူနိုအက်စ်ပီရီတိုဆန်တိုမှာ LMA လိဂ်ချန်ပီယံရှစ်အကောင်းဆုံးနည်းပြဆုရရှိခဲ့ပြီး၊ အသင်းငယ် ရှရူးဘူရီအသင်းအား League One တွင် တတိယ နေရာရရှိစေခဲ့သည့် နည်းပြ ပေါလ်ဟတ်စ်မှာ LMA League One အကောင်းဆုံးနည်းပြဆုရရှိခဲ့သည်။ ထို့ပြင် League Two တွင် အက်ကရင်တန်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင် ပေးခဲ့သည့် နည်းပြ ဂျွန်ကိုးလ်မန်းမှာ LMA League Two အကောင်းဆုံးနည်းပြဆုဆွတ်ခူးရရှိခဲ့သည်။

ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်မှာမူ သူ၏နည်းပြဘဝတွင် ကလပ်အသင်းများအား (၈)ကြိမ်တိုင် တန်းတက်အောင်စွမ်းဆောင်ပေး နိုင်ခဲ့သဖြင့် LMA အထူးဂုဏ်ပြုဆုကိုရရှိခဲ့သည်။ ဝါနော့ခ်သည် လိဂ်ချန်ပီယံရှစ်တွင် ကာဒစ်ဖ်အသင်းကို ဒုတိယနေရာရရှိစေခဲ့ပြီး လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ချယ်လ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာဟေးလ်စ်မှာ ချယ်လ်ဆီးအမျိုးသမီးအသင်းကို အမှတ်ပေးပြိုင်ပွဲနှင့် ဖလားပြိုင်ပွဲများတွင် ဗိုလ်စွဲအောင်စွမ်း ဆောင်ပေးနိုင်ခဲ့သဖြင့် LMA ၏ အမျိုးသမီးစူပါလိဂ်-၁ အကောင်းဆုံးနည်းပြဆုဆွတ်ခူးရရှိခဲ့သည်။