မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းများအား ရှင်းလင်းခြင်းအခမ်းအနား မေ ၁၆ ရက် ပြုလုပ်မည်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းများအား ရှင်းလင်းခြင်းအခမ်းအနား မေ ၁၆ ရက် ပြုလုပ်မည်
Published 15 May 2018

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နည်းပြသစ်အဖြစ် ခန့်အပ်မည့် အန်တွမ်နီဟေးနှင့်အဖွဲ့ ဆွေးနွေးမှုပြုလုပ်စဉ် (Photo: MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ စာနယ်ဇင်းမီဒီယာများအား ဖိတ်ကြားရှင်းလင်းခြင်း အခမ်းအနားကို မေ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ အန်တွမ်နီဟေးအား ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီး ၎င်းနှင့်နည်းပြအဖွဲ့အား ခန့်အပ်ခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် နည်းပြချုပ်ခန့်အပ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများ၊ ဖိတ်ခေါ်ပွဲများ၊ ပြင်ဆင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ MFF သည် အန်တွမ်နီဟေးနှင့်အတူ နိုင်ငံခြားသား လက်ထောက်နည်းပြတစ်ဦးနှင့် ဂိုးနည်းပြတစ်ဦးကိုပါ ခန့်အပ်သွားမည်ဖြစ်သည်။ ထို့ပြင် MFF သည် မြန်မာ့လက်ရွေးစင်အသင်းအတွက် ပြည်တွင်းလက်ထောက်နည်းပြအဖြစ် ဦးစိုးမြတ်မင်းကို ခန့်အပ်ရန်စီစဉ်ထားပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း ဦးစိုးမြတ်မင်းသည် ယခုနှစ်ရာသီအစတွင် ရလဒ်များ ကောင်းမွန်ခြင်းမရှိသောကြောင့် အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းကာ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။ MFF CEO ဦးဘုန်းနိုင်ဇော်က “ကျွန်တော်တို့ MFF အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဦးစိုးမြတ်မင်းကို တာဝန်ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ဦးစိုးမြတ်မင်းအနေနဲ့ အသစ်ခန့်အပ်မယ့် ဂျာမန်နည်းပြ အန်တွမ်နီဟေးနဲ့ လက်တွဲလုပ်ဆောင်သွားရမှာပါ။ သူ့ကို ဒီရက်ပိုင်းအတွင်းမှာ အပြီးသတ်စာချုပ် ချုပ်ဆိုသွားမှာပါ။ အဲဒီအခါကျရင် မီဒီယာတွေကိုလည်း ဖိတ်ကြားမှာပါ” ဟုပြောကြားသည်။

Most Read

Most Recent