ဂျူဗင်တပ်စ်အသင်း (၇)ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ စီးရီးအေပွဲစဉ် (၃၇)

ဂျူဗင်တပ်စ်အသင်း (၇)ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ စီးရီးအေပွဲစဉ် (၃၇)
Published 14 May 2018

(၇)ကြိမ်ဆက် စကူဒက်တိုချန်ပီယံဆု ရယူပြီးနောက် အောင်ပွဲခံနေသည့် ဂျူဗင်တပ်စ်အသင်းသားများ Photo: Getty Images

စီးရီးအေပွဲစဉ် (၃၇)တွင် ဂျူဗင်တပ်စ်အသင်းသည် ရိုးမားအသင်းကို အဝေးကွင်းတွင် ဂိုးမရှိသရေကစားပြီး စတူဒက်တိုချန်ပီယံဆုကို (၇)ကြိမ်ဆက်ရယူသွားခဲ့ကြောင်းသိရသည်။

ဂျူဗင်တပ်စ်အသင်းသည် အဝေးကွင်းတွင် လိုအပ်သည့်သရေတစ်မှတ်ကိုရယူပြီး ဒုတိယနေရာမှ နာပိုလီအသင်းကို လက်ကျန် (၁)ပွဲအလိုတွင် (၄)မှတ်ဖြတ်ကာ ချန်ပီယံဆုကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် သမိုင်းတစ်လျှောက် စီးရီးအေချန်ပီယံဆုကို (၃၄)ကြိမ်မြောက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၁-၁၂ ရာသီမှစတင်ကာ ယခု ၂၀၁၇-၁၈ ရာသီအထိ (၇)ကြိမ်ဆက်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဆာဆူအိုလိုအား အိမ်ကွင်းတွင် ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေသည့် အင်တာမီလန်အသင်းသားများ Photo:EPA

အခြားပွဲစဉ်များတွင် အဆင့် (၄)နေရာမှ လာဇီယိုအသင်းသည် အဝေးကွင်းတွင် ခရိုတိုနီအသင်းအား (၂-၂)ဂိုးဖြင့်သရေသာကစားနိုင်ခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်ဖြစ်သည့် အင်တာမီလန်နှင့်ပွဲတွင် အဆုံးအဖြတ်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

ယူရိုပါလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေသည့် အတ္တလန်တာ ၁-၁ အေစီမီလန် ပွဲမြင်ကွင်း

အေစီမီလန်အသင်းမှာလည်း ယူရိုပါလိဂ်ဝင်ခွင့်ပြိုင်ဘက် အတ္တလန်တာအသင်းအား အဝေးကွင်းတွင် (၁-၁)ဂိုးဖြင့် သရေကျခဲ့သောကြောင့် လာမည့်နောက်ဆုံးပွဲစဉ်အထိယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

လက်ကျန်တန်းဆင်းဇုန်တစ်နေရာအတွက် ပြိုင်ဆိုင်နေကြသည့် ချီယေဗို၊ အူဒီးနီးစ်၊ ကာဂလီယာရီ၊ SPAL၊ ခရိုတိုနီအသင်းတို့တွင် SPAL တစ်သင်းသာ နိုင်ပွဲပျောက်ခဲ့သောကြာင့် တန်းဆင်းဇုန်တိုက်ပွဲကိုလည်း နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။

စီးရီးအေပွဲစဉ် (၃၇)ရလဒ်များ

ဘင်နီဗန်တို ၁-၀ ဂျီနိုအာ
အင်တာမီလန် ၁-၂ ဆာဆူအိုလို
ဖီအိုရင်တီးနား ဝ-၁ ကာဂလီယာရီ
ဘိုလော့ဂ်နာ ၁-၂ ချီယေဗို
ခရိုတိုနီ ၂-၂ လာဇီယို
တိုရီနို ၂-၁ SPAL
ဗီရိုနာ ဝ-၁ အူဒီးနီးစ်
အတ္တလန်တာ ၁-၁ အေစီမီလန်
ရိုးမား ဝ-၀ ဂျူဗင်တပ်စ်
ဆမ်ဒိုးရီးယား ဝ-၂ နာပိုလီ