အနာဂတ်အစီအစဉ်အား ရာသီကုန်ပြီးတစ်လကြာမှ အာစင်ဝင်းဂါး ကြေညာမည်

အနာဂတ်အစီအစဉ်အား ရာသီကုန်ပြီးတစ်လကြာမှ အာစင်ဝင်းဂါး ကြေညာမည်
Published 2 May 2018

Photo: Getty Images

ရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲတော့မည့် နည်းပြအာစင်ဝင်းဂါးက အနာဂတ်အစီအစဉ်အား ရာသီကုန်ပြီးတစ်လကြာမှ အသေအချာဆုံးဖြတ်၍ ကြေညာမည်ဖြစ်ကြောင်း ပြောကြားသည်။

အာစင်ဝင်းဂါးသည် ၂၂ နှစ်ကြာ လက်တွဲလာသည့် အာဆင်နယ်အသင်းနှင့် ရာသီကုန်၌ လမ်းခွဲတော့မည်ဖြစ်ကြောင်း ဧပြီ ၂၀ ရက်တွင် ရုတ်တရက်ကြေညာခဲ့ပြီး အနားယူမည် (သို့မဟုတ်) မန်နေဂျာအဖြစ် ဆက်လက်လုပ်ကိုင်မည် (သို့မဟုတ်) အခြားရာထူးတစ်ခုဖြင့် ဘောလုံးလောကအတွင်း ဆက်ရှိနေမည်ဖြစ်ကြောင်း အတိအကျပြောကြားခြင်းမရှိသေးပေ။

ဧပြီ ၂၈ ရက်က Sky Sports သတင်း ဌာနနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူး အစီအစဉ်တွင်မူ ၎င်းက ရာသီကုန်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်ကြာ အချိန်ယူဆုံးဖြတ်ပြီးမှ ကြေညာမည်ဖြစ်ကြောင်း ပြောကြားသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ဘာဆက်လုပ်မလဲဆိုတာ ကျွန်တော်ကိုယ်တိုင်မသိသေးပါဘူး။ ဆုံးဖြတ်ချက်မချခင် လေးပတ်၊ ငါးပတ်လောက် အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ။ လက်ရှိအခြေအနေကနေ ခဏလောက် အဝေးကိုထွက်သွားဖို့ လိုအပ်နေတယ်။ ဒါမှ ဘယ်နည်းလမ်းက ဖြစ်နိုင်ခြေအရှိဆုံးလဲဆိုတာ လေ့လာဆန်းစစ်နိုင်မှာပါ။ အဲဒီလိုစဉ်းစားရတာ မလွယ်ဘူးဆိုပေမဲ့ ပြန်လာရင်တော့ ဆုံးဖြတ်ချက်ကို ကြေညာမှာပါ"ဟု အာစင်ဝင်းဂါးက ပြောကြားသည်။

ထို့ပြင် ၎င်းက လမ်းခွဲရန် ဆုံးဖြတ်ရခြင်းမှာ မလွယ်ကူဘဲ အာဆင်နယ်အသင်းသည် မိမိဘဝအစိတ်အပိုင်းမဟုတ်ဘဲ ဘဝတစ်ခုလုံးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

"ဒီလိုဆုံးဖြတ်ရတာ ကျွန်တော့်အတွက် တကယ်မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တာ ၂၂ နှစ်ကြာပြီး ပွဲပေါင်း ၁၂၀၀ လောက်ရှိပါတယ်။ ဒါက ပွဲ ၅၀ မဟုတ်ပါဘူး။ ပွဲ ၁၂၀၀ ပါ။ ဖိစီးမှုတွေရှိနေရင်တောင် အသင်းအတွက် အမြဲတမ်းပြင်ဆင်ခဲ့ရတာပါ။ ဒါက ဘဝရဲ့ အစိတ်အပိုင်း တစ်ရပ်ဆိုတာထက်ပိုပြီး ဘဝတစ်ခုလုံးပါပဲ"ဟု ၎င်းက ပြောကြားသည်။