အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် စတင်ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ် စီစဉ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၃ ရက်အထိ ကျင်းပရန် AFF အဖွဲ့ဝင်နိုင်ငံများ သဘောတူ

အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် စတင်ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ် စီစဉ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၃ ရက်အထိ ကျင်းပရန် AFF အဖွဲ့ဝင်နိုင်ငံများ သဘောတူ
Published 30 April 2018

၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်း တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်နှစ်တွင် စတင်ကျင်းပရန် စီစဉ်နေကြောင်း  သိရသည်။

AFF သည် အသက် ၁၆ နှစ် အောက်မှစ၍ အလွတ်တန်းပြိုင်ပွဲအထိ ကျင်းပလျက်ရှိပြီး ယူ-၂၂ ပြိုင်ပွဲ မရှိသေးသောကြောင့် လာမည့်နှစ်တွင် စတင်ကျင်းပရန် စီစဉ်နေ ခြင်းဖြစ်သည်။ AFF သည် ဧပြီ ၂၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် AFF ပြိုင်ပွဲကျင်းပရေးကော် မတီအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၃ ရက်အထိ ကျင်းပရန် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူညီမှုရခဲ့သည်။ AFF သည် အာဆီယံအဆင့်တွင် သက်တမ်းအလိုက် ပြိုင်ပွဲများ အစုံအလင်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အာဆီယံအသင်းများသည် လာမည့်နှစ်တွင် အသက် ၂၂ နှစ် အောက်အဖြစ် သတ်မှတ်ထားသည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ နှင့် ၂၀၂၀ အာရှ ယူ -၂၃ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေပြီး ယင်းပြိုင်ပွဲများမတိုင်မီ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲအား ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှ ယူ-၂၃ ခြေစစ်ပွဲမတိုင်မီ ကျင်းပမည်ဖြစ်သောကြောင့် ဦးကြည်လွင်ကိုင်တွယ်နေသည့် ယူ-၂၁ အသင်းဖြင့် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။ AFF သည် ကျင်းပမည့်ရက်သာ အတည်ပြုထားခြင်းဖြစ်ပြီး အိမ်ရှင်နိုင်ငံကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။

AFF သည် အာဆီယံအဆင့် ယူ-၁၆ ပြိုင်ပွဲ၊ ယူ-၁၉ ပြိုင်ပွဲနှင့် လက်ရွေးစင်အဆင့် ဆူဇူကီးဖလားပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး မကျင်းပ နိုင်သေးသည့် အခြားသက်တမ်း အလိုက်ပြိုင်ပွဲများကို တိုးမြှင့်ကျင်းပမည်ဖြစ်သည်။ AFF သည် အချို့နှစ်များတွင် ယူ-၁၆ ပြိုင်ပွဲအစား ယူ- ၁၅၊ ယူ-၁၉ ပြိုင်ပွဲအစား ယူ-၁၈ ပြိုင်ပွဲများ ကျင်းပခဲ့သည်။ AFF သည်  အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်က တစ်ကြိမ်ကျင်းပခဲ့ပြီးနောက် ပိုင်းနှစ်များတွင် ကျင်းပခြင်းမရှိတော့ကြောင်း သိရသည်။