နည်းပြဖြစ်သူ ဆန်းချက်ဇ်ဖလောရက်စ်နှင့် အားကစာဒါရိုက်တာ လာဒင်တို့အား အက်စ်ပန်ညိုအသင်းထုတ်ပယ်

နည်းပြဖြစ်သူ ဆန်းချက်ဇ်ဖလောရက်စ်နှင့် အားကစာဒါရိုက်တာ လာဒင်တို့အား အက်စ်ပန်ညိုအသင်းထုတ်ပယ်
Published 21 April 2018

ရာထူးမှုထုတ်ပယ်ခံခဲ့ရသည့် ဆန်းချက်ဇ်ဖလောရက်စ်
Photo: Getty Image

စပိန်လာလီဂါကလပ်အက်စ်ပန်ညိုအသင်းသည် အသင်း၏နည်းပြဖြစ်သူ ဆန်းချက်ဇ်ဖလောရက်စ်နှင့် အားကစားဒါရိုက်တာ လာဒင်တို့အား ရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရသည်။
အက်စ်ပန်ညိုအသင်းသည် လက်ရှိအချိန်တွင် လာလီဂါအမှတ်ပေးဇယား၏ အဆင့် (၁၆)နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ်နှင့် နီးစပ်နေသည့်အတွက် အသင်း၏နည်းပြပိုင်းကို အပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ယာယီနည်းပြအဖြစ် အရန်အသင်းနည်းပြဖြစ်သူ ဒေးဗစ်ဂယ်လီဂိုက ရာသီကုန်အထိတာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၅၃)နှစ်အရွယ်ရှိ ဆန်းချက်ဇ်ဖလောရက်စ်သည် ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းမှ အက်စ်ပန်ညိုအသင်းသို့ ပြီးခဲ့သည့် ၂၀၁၆ ဇွန်လမှ စတင်ပြောင်းရွှေ့ကိုင်တွယ်ခဲ့သူဖြစ်ပြီး အက်စ်ပန်ညိုအသင်းအတွက် ပြိုင်ပွဲစုံ (၇၉)ပွဲကိုင်တွယ်ရာတွင် နိုင်ပွဲ (၂၆)ပွဲသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ဖလောရက်စ်သည် အက်စ်ပန်ညို အသင်းအား ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီတွင် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးရပ်တည်မှုအဖြစ် လာလီဂါအမှတ်ပေးဇယား အဆင့် (၈)နေရာတွင် ရပ်တည်အောင်စွမ်း ဆောင်ပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်နေရသည်အထိ အခြေအနေဆိုးရွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အက်စ်ပန်ညိုအသင်းသည် ပြီးခဲ့သည့် လာလီဂါပွဲစဉ် (၃၃)အဖြစ်ယှဉ်ပြိုင်ခဲ့သော အက်စ်ပန်ညို (ဝ-၁) အီဘာပွဲအပြီးတွင် ဖလောရက်စ်အားရာထူးမှထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အက်စ်ပန်ညိုအသင်းသည် လာလီဂါနောက်ဆုံး (၁၅)ပွဲတွင် နိုင်ပွဲ (၂)ပွဲသာရရှိခဲ့သည်အထိ အခြေအနေဆိုးရွားခဲ့ပြီး တန်းဆင်းဇုန် အဆင့် (၁၈)နေရာမှ ဒီပို့တီဗိုအသင်းနှင့် (၁)ပွဲလျော့ (၈)မှတ်ကွာဟလျက်ရှိပြီး လက်ရှိ အဆင့် (၁၆)နေရာတွင်ရပ်တည်လျက်ရှိသည်။ ကစားသမားဘဝတွင် ဗလင်စီယာအသင်းနှင့်အတူ ကျော်ကြားခဲ့သည့် စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ဖလောရက်စ်သည် နည်းပြဘဝတွင် ဗလင်စီယာ၊ ဘင်ဖီကာ၊ အက်သလက်တီကို စသည့် အသင်းကြီးများကိုကိုင်တွယ်ခဲ့ဖူးပြီး အက်သလက်တီကိုအသင်းနှင့်အတူ ၂၀၀၉-၁၀ ရာသီက UEFA ဖလား (ယခုယူရိုပါလိဂ်)နှင့် ဥရောပစူပါဖလားတို့ကိုရယူနိုင်ခဲ့သည်။