မော်ရင်ဟို၏ ယခုရာသီ စွမ်းဆောင်မှုကို မန်ယူအသင်းဘုတ်အဖွဲ့ ကျေနပ်

မော်ရင်ဟို၏ ယခုရာသီ စွမ်းဆောင်မှုကို မန်ယူအသင်းဘုတ်အဖွဲ့ ကျေနပ်
Published 19 April 2018

 

Photo: AFP

 

မန်ယူအသင်းနည်းပြ မော်ရင်ဟို၏ ယခုရာသီ အသင်းအတွက် စွမ်းဆောင်ထားသည့် အခြေအနေအား အသင်းဘုတ်အဖွဲ့ဒါရိုက်တာများက ကျေနပ်အားရမှုအပြည့်ရှိသည်ဟု Telegraph သတင်းစာက ဖော်ပြခဲ့သည်။ မော်ရင်ဟိုသည် သူ၏ပထမဆုံးရာသီတွင် မန်ယူအသင်းအား ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် FA ဖလားတစ်လုံးသာ မျှော်လင့်ခွင့်ရှိနေသည်။

FA ဖလားတွင် ဆီမီးဖိုင်နယ်သို့ တက် ရောက်နေသော်လည်း အကယ်၍ ယင်းဖလား နှင့်လွဲချော်ခဲ့ပါက မော်ရင်ဟိုမှာ ဖလားလက်မဲ့ရာသီကို ကြုံတွေ့ရမည်ဖြစ်သည်။ သို့သော် မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် ယခု ရာသီ အသင်း၏ရပ်တည်မှုများအပေါ် ကျေနပ်အားရနေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရာသီက မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့်(၆)သာ ရခဲ့သော်လည်း ယခုရာသီ၌ ဒုတိယနေရာတွင် ရပ်တည်နေနိုင်ခြင်းကြောင့် တိုးတက်မှုများရှိလာသည်ဟု ဘုတ်အဖွဲ့ဒါရိုက်တာများက ယူ ဆနေကြောင်း သိရှိရသည်။

မော်ရင်ဟိုအနေဖြင့် လာမည့်ရာသီတွင် မန်ယူအသင်းကို ချန်ပီယံလိဂ်ချန်ပီယံဆုအပါအဝင် ဆုဖလားများရယူပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်နေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။ မော်ရင်ဟို၏လက်ထက်တွင် အချို့ သောပွဲစဉ်များ၌ မန်ယူ အသင်းကစားပုံမှာ ငြီးငွေ့စိတ်ပျက်စရာ ကောင်းသည်ဟု ဝေဖန်မှု များရှိနေသော်လည်း မန်ယူအသင်းဘုတ်အဖွဲ့တာဝန်ရှိသူများက အသင်း၏ လှပသောကစားပုံထက် ရလဒ် ကောင်းရရန်က ပိုအရေးပါသည်ဟု ယူဆနေ ကြောင်းလည်း Telegraph က ဖော်ပြခဲ့သည်။

Most Read

Most Recent