စာချုပ်ပါအချက်အရ ကျော်ကိုကို၏ဒဏ်ရာအား ချင်းရိုင်အသင်း ကုသပေးရမည်

စာချုပ်ပါအချက်အရ ကျော်ကိုကို၏ဒဏ်ရာအား ချင်းရိုင်အသင်း ကုသပေးရမည်
Published 10 April 2018

ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းတွင် အငှားသွားရောက်ကစားနေသည့် ရန်ကုန်ယူနိုက်တက်၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် ပတ္တရားယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ညာဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ်ရာ ရန်ကုန်ယူနိုက်တက်နှင့် ချင်းရိုင်ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်ပါအချက်အရ ချင်းရိုင်ယူနိုက်တက်အသင်းသည် ကျော်ကိုကို၏ဒဏ်ရာကို ဆေးကုသပေးရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ချင်းရိုင်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများသည် ကာယကံရှင် ဖြစ်သူ ကျော်ကိုကိုအား ထိုင်းနိုင်ငံ (သို့မဟုတ်) ဘရာဇီးလ်နိုင်ငံ၌ ခွဲစိတ်ကုသမှုပြုလုပ်ရန် တောင်းဆိုမေးမြန်းထားကြောင်း သိရသည်။

''ကျွန်တော်တို့နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပါစည်းမျဉ်းအရ ကျော်ကိုကို အငှားသွားaရာက်ကစားနေစဉ် ဒဏ်ရာရရှိခဲ့ပါက ချင်းရိုင်အသင်းက တာဝန်ခံပြီး ဆေးကုသပေးရ မယ်ဆိုတဲ့အချက် ပါပါတယ်။ ကျော်ကိုကိုအနေနဲ့ ထိုင်းမှာပဲနေထိုင်ပြီး ခွဲစိတ်ကုသမလား၊ ရန်ကုန်မှာနေထိုင်ပြီး ခွဲစိတ်ကုသချိန်ပဲ ဟိုကို သွားမလားဆိုတာကတော့ ကာယကံရှင်ပဲ ဆုံးဖြတ်ရမှာပါ''ဟု ရန်ကုန်အသင်းတာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျော်ကိုကိုသည် ယင်းပွဲတွင် ပွဲကစားချိန် ၇၆ မိနစ်၌ လူစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး (၅)မိနစ်အကြာတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ချင်းရိုင်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများသည် ကျော်ကိုကိုအား ချက်ချင်းဆိုသလို ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆေးရုံ၌ ဆေးစစ်ဆေးမှုပြုလုပ်ပြီးနောက် ကျော်ကိုကို၏ ဒဏ်ရာအခြေအနေင့်ပတ်သက်၍ အချက်(၅)ချက်ပါ ဆေးမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။

ဆေးမှတ်တမ်းမှ အချက်ငါးချက်
၁။ ဒဏ်ရာမှာ ညာဒူးအောက်ပိုင်းသို့ ကြီးမားစွာကွဲ၍ ဆင်းသွားခြင်း။
၂။ ဒူးခေါင်းအလယ်ပိုင်း၌ ပြင်းထန်စွာထိခိုက်မိခြင်း။
၃။ ဒူးအရွတ်စုတ်ပြဲသွားခြင်း။
၄။ ဒဏ်ရာအခြေအနေမှာ လွန်စွာပြင်းထန်ကြီးမားခြင်း။
၅။ ဒူးအရိုးပိုင်း ပြတ်သွားခြင်း၊ ဖြစ်လေ့ဖြစ်ထရှိသည့် ဒဏ်ရာအခြေအနေမျိုးမဟုတ်ခြင်း။
=============