ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး မြန်မာအသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံး

ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီး မြန်မာအသင်း အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံး
Published 22 March 2018

ကာဂျစ္စတန် အသင်းနှင့် အာရှဖလားခြေစစ်ပွဲမတိုင်မီ လေ့ကျင့်ခန်းဆင်းခဲ့သည့် မြန်မာအသင်းအား တွေ့ရစဉ် (Photo : MFF)

၂၀၁၉ အာရှဖလားပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲ ပြန်ကန်ပွဲဖြစ်သည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲက တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းသည် (၅-၁) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်ခွင့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယခုပွဲတွင် နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၏ ပွဲထွက်လူစာရင်း၊ လူအခင်းအကျင်းနှင့် နည်းဗျူဟာမှာ ဝေဖန်မှုများခဲ့ပြီး ကာလရှည် ပွဲမကစားထားရသည့် ဇော်မင်းထွန်းနှင့် နိုင်ငံတကာပွဲအတွေ့အကြုံမရှိသည့် ကျော်စွာလင်းကို တပြိုင်နက်အသုံးပြုခဲ့သောကြောင့် မြန်မာအသင်းခံစစ်အတွဲမှာ အမှားများခဲ့ပြီး ကာဂျစ္စတန်တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ငါးဂိုးအထိပေးခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ကွင်းလယ်နှင့် တိုက်စစ်အခင်းအကျင်းမှာလည်း အမှားများခဲ့ပြီး ကျော်ကိုကိုနှင့် စည်သူအောင် မပါသောကြောင့် တိုက်စစ်တွင် အောင်သူ တစ်ဦးတည်း ရုန်းကန်ခဲ့ရပြီး ကာဂျစ္စတန်နောက်တန်း အလွယ်တကူဖျက်ထုတ်နိုင်ခဲ့သည်။

ကာဂျစ္စတန်အသင်းသည် ပွဲအစလေးမိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့်လည်း မြန်မာအသင်း ပိုဖိအားများသွားပြီး အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ယခုပွဲအနိုင်ရမှ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်နိုင်မည့် မြန်မာအသင်းသည် ကာဂျစ္စတန်အသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ခြေပြတ်၊ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဂိုးပေါက်ကန်သွင်းမှုမရှိခဲ့သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကျော်ကိုကိုဝင်လာမှ တိုက်စစ်ပြန်အသက်ဝင်လာပြီး တစ်လုံးတည်းသော ချေပဂိုးကို ၈၃ မိနစ်တွင် ကျော်ကိုကိုက သွင်းယူခဲ့သည်။ ကာဂျစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ၂ မိနစ်တွင် ရှာမီရှက်ဗ်၊ ၄၊ ၆၃ မိနစ်တွင် အန်တန်၊ ၇၃ မိနစ်တွင် လူတာလီ၊ ၈၇ မိနစ်တွင် ဘီကာဇန်တို့က သွင်းယူပေးခဲ့သည်။

ယခုပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည့် ကာဂျစ္စတန်အသင်းသည် တစ်ပွဲကစားရန် ကျန်ရှိသေးသော်လည်း ၁၀ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အာရှဖလားပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ရန်ကျန်ရှိသေးသော်လည်း ငါးပွဲကစား ငါးမှတ်သာရသောကြောင့် ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent