ပေါ်တူဂီတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒို (၂)နှစ်ဆက် ဆွတ်ခူး

ပေါ်တူဂီတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို စီရော်နယ်လ်ဒို (၂)နှစ်ဆက် ဆွတ်ခူး
Published 21 March 2018

 

 

Photo: Marca

 

ပြီးခဲ့သည့်နှစ်အတွင်း ပေါ်တူဂီဘောလုံးလောကအတွက် အောင်မြင်မှုများရယူပေးခဲ့သူများကိုပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ဆုချီးမြှင့်သည့်အခမ်းအနားအား ပြီးခဲ့သည့်တနင်္လာနေ့က လစ္စဘွန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရီးယဲလ်အသင်းကစားသမား စီရော်နယ်လ်ဒိုက (၂)နှစ်ဆက် ရရှိခဲ့ကြောင်းသိရသည်။ စီရော်နယ်လ်ဒိုသည် ၂၀၁၇ ခုနှစ်အတွင်း ရီးယဲလ် အသင်းနှင့်အတူ လာလီဂါ၊ ချန်ပီယံလိဂ်ဆုဖလားတို့ကို ဆွတ်ခူးခဲ့ပြီး ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအား အငြင်းပွားဖွယ်မရှိရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုအား ဘောလုံးသမားများ၊ ပရိသတ်များ၊ ပေါ်တူဂီဂန္ထဝင် ဖီဂိုအပါအဝင် နာမည်ကျော်များပါဝင်သည့် ဒိုင်လူကြီးအဖွဲ့တို့က မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုမှာ လက်ရွေးစင်အသင်း ဖော်များဖြစ်သော ပက်ထရီစီယို(စပို့တင်းလစ္စဘွန်း)၊ ဘာနာဒိုဆေးလ်ဗား(မန်စီးတီး)တို့ထက် မဲအရေအတွက် အပြတ်အသတ်အသာရခဲ့သည်။ စီရော်နယ်လ်ဒိုသည် မဲအရေအတွက် (၆၅%)အထိ ရရှိခဲ့ ပြီး ပက်ထရီစီယိုမှာ (၁၈%)၊ ဘာနာဒိုဆေးလ်ဗားမှာ (၁၇%)သာရရှိခဲ့ကြောင်းသိရသည်။

ဆုပေးပွဲ အခမ်းအနားတွင် စီရော်နယ်လ်ဒိုက "ဒီဆုဟာ ကျွန်တော့်ရဲ့အသင်းဖော်တွေ အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ၂၀၁၇ ဟာ တကယ့်ကို ထူးခြားတဲ့နှစ်ဖြစ်ခဲ့ပြီး ရီးယဲလ်အသင်းက တစ်နှစ်အတွင်း ဆု ဖလား(၅)ခုရခဲ့သလို ကျွန်တော်ကလည်း Ballon d'Or ဆုကို (၅)ကြိမ်မြောက်၊ ဖီဖာအကောင်းဆုံးကစားသမားဆု(The Best)ကို (၂)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ အကောင်းဆုံးဘောလုံး သမားဆိုတာ အမြဲလိုလိုပြောဆိုလေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အပြင် အဲဒီစကားနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုးကို ကွင်းထဲမှာ ပြသနေလို့ပါပဲ" ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ယခုဆုမတိုင်မီ Sports National Press Club (CNID)က ရွေးချယ်သည့် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးခဲ့ကြောင်းသိရသည်။ ယင်းဆုပေးပွဲတွင် အကောင်းဆုံးနည်း ပြဆုကို ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းအတွက် ပြင်သစ်လီဂူး ချန်ပီယံဆုရယူပေးခဲ့ပြီး ချန်ပီယံလိဂ်၌ ဆီမီးဖိုင်နယ်သို့ ရောက်ရှိ အောင် ပို့ဆောင်ခဲ့သည့် နည်းပြယာဒင်းက ဆွတ်ခူးခဲ့ပြီး မန်ယူနည်း ပြမော်ရင်ဟိုမှာလည်း Vasco da Gama ဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။