အုပ်စုလက်ကျန်ပွဲများအတွက် ယုံကြည်မှုရှိသွားပြီဟု မြန်မာနည်းပြချုပ် ပြောကြား

အုပ်စုလက်ကျန်ပွဲများအတွက် ယုံကြည်မှုရှိသွားပြီဟု မြန်မာနည်းပြချုပ် ပြောကြား
Published 15 August 2017

Photo: ညီညီစိုးညွှန့်

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က အဖွင့်ပွဲတွင် စင်ကာပူအသင်းကို အနိုင်ရခဲ့သောကြောင့် အုပ်စုလက်ကျန်ပွဲများအတွက် ယုံကြည်မှုရှိသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂတ်ဖရိုင်းဒရစ်က "ပထမဆုံးပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အဖွင့်ပွဲဟာ အရေးကြီးပြီး မထင်မှတ်တဲ့ရလဒ် တွေ ထွက်ပေါ်လေ့ရှိပါတယ်။ ဒါကို နှစ်ဂိုး ပြတ်အနိုင်ရလဒ်နဲ့ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ပထမပွဲမှာ အနိုင်ရခဲ့တဲ့အတွက် အုပ်စုလက်ကျန်ပွဲတွေအတွက် ယုံကြည်မှုရှိသွားပါ ပြီ။ အဖွင့်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အသင်း အနေနဲ့ လိုအပ်ချက်တချို့တော့ ရှိပါသေးတယ်။ ပထမပွဲဖြစ်တာကြောင့် ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ စင်ကာပူအသင်းကလည်း အသင်းကောင်းတစ်သင်းပါ။ အခုပွဲအနိုင်ရခဲ့ ပေမယ့် ဆီမီးဖိုင်နယ်တက်ရောက်ပြီလို့တော့ ပြောလို့ မရသေးပါဘူး။ နောက်ပွဲတွေ ထပ်ကစားရဦးမှာပါ။ တစ်ပွဲချင်းပြင်ဆင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်အောင် ကြိုးစားသွားမှာပါ။ မြန်မာပရိသတ်တွေ အခုလိုတစ်ခဲနက် အားပေးတာဟာ ကျွန်တော့်အတွက်တော့ မဆန်းတော့ပါဘူး။ မြန်မာပရိသတ်တွေဟာ မြန်မာအသင်းရဲ့ ပွဲတိုင်းကို အခုလိုအားပေး နေကြပါ။ ပရိသတ်တွေကို ကျေးဇူးတင်ပါ တယ်"ဟု ပြောကြားသည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက်ရေးအတွက် အရေးပါသည့်ပွဲတွင် စင်ကာပူအသင်းကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။

မြန်မာအသင်းသည် စင်ကာပူအသင်းကို ပြီးခဲ့သည့်လက ကျင်းပသည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင်လည်း (၂-ဝ) ဂိုးရလဒ်ဖြင့်ပင် အနိုင်ရခဲ့ ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲ အဖြစ် သြဂုတ် ၁၆ ရက်တွင် လာအိုအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ အသင်းသည် အုပ်စု (က) တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကြောင်း သိရသည်။