အာစင်ဝင်းဂါး၏နေရာ အစားထိုးရန် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို ဂါဇီဒစ် မျက်စိကျနေ

အာစင်ဝင်းဂါး၏နေရာ အစားထိုးရန် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို ဂါဇီဒစ် မျက်စိကျနေ
Published 14 March 2018

Photo: talksport

အာဆင်နယ်အသင်းအမှုဆောင်ချုပ် ဂါဇီဒစ်သည် ယခုရာသီကုန်တွင် အသင်း၏ သက်တမ်းရှည်နည်းပြ အာစင်ဝင်းဂါး၏နေရာတွင်အစားထိုးရန် ဂျူဗင်တပ်စ်အသင်းမှ အီတလီလူမျိုးနည်းပြ အယ်လီဂရီကို စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ဝင်ဘလေကွင်းတွင်ကစားခဲ့သော စပါး-ဂျူဗင်တပ်စ်ပွဲတွင် အယ်လီဂရီ၏နည်း ဗျူဟာအခင်းအကျင်းက ဂါဇီဒစ်ကို အထင်ကြီးစေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဂါဇီဒစ် အနေဖြင့် မူလက ဟော်ဖန်ဟင်မ်အသင်းမှ လူငယ်နည်းပြ နာဂယ်စမန်းကို ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါ အယ်လီဂရီကို နံပါတ်တစ် အလိုရှိဆုံးအဖြစ် ကြိုးပမ်းသွားဖွယ်ရှိနေသည်။

ထို့ပြင် အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂိုးသမား တစ်ဦး၊ ကွင်းလယ်ကစားသမား တစ်ဦး၊ နောက်ခံအတွင်းလူ တစ်ဦးခေါ်ယူသွားရန် စီစဉ်နေပြီး အသုံးစရိတ်ကို ကာမိစေရန်အတွက် အသင်းနောက်ခံလူ ဘယ်လာရင်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နှင့် အထက်ဖြင့် ကမ်းလှမ်းလျှင် ရောင်းချဖွယ်ရှိဟု သတင်းများက သုံးသပ်ခဲ့သည်။