PSG အသင်းတိုက်စစ်မှူးနေမာ ခြောက်ပတ်မှ ရှစ်ပတ်နားရမည်ဟု ဖခင်ဖြစ်သူပြောကြား

PSG အသင်းတိုက်စစ်မှူးနေမာ ခြောက်ပတ်မှ ရှစ်ပတ်နားရမည်ဟု ဖခင်ဖြစ်သူပြောကြား
Published 1 March 2018

PSG အသင်းတိုက်စစ်မှူး နေမာသည် ဒဏ်ရာကြောင့် အနည်းဆုံးခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူ နေမာစီနီယာက ဖေဖော်ဝါရီ ၂၇ ရက်တွင် ESPN သတင်းဌာနသို့ ပြောကြားသည်။

နေမာသည် ဖေဖော်ဝါရီ ၂၅ ရက်က မာဆေးလ်အသင်းနှင့်ကစားသည့် လီဂူးပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားနှင့် ဘောလုံးယှဉ်လုရန် ကြိုးပမ်းရာမှ ခြေခေါက်လဲကာ ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား ထမ်းစင်ဖြင့်သယ်ထုတ်သွားပြီး မိနစ်အနည်းငယ်ကြာ ကုသမှုပြုလုပ်သော်လည်း မသက်သာသဖြင့် ပြန်လည်မကစားနိုင်ဘဲ ၁၀ ဦး တည်းဖြင့် ဆက်လက်ကစားခဲ့ရသည်။ PSG အသင်းနည်းပြ အူနိုင်းအမ်မရီက နေမာ၏ ဒဏ်ရာအား ခွဲစိတ်ကုသခြင်းပြု၊ မပြု မဆုံး ဖြတ်ရသေးဘဲ ရီးယဲလ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲ၌ ပါဝင်နိုင်ရန် မျှော်လင့်ချက်အနည်းငယ်ရှိကြောင်း ပြောကြားပြီး နာရီပိုင်းအကြာမှာပင် နေမာစီနီယာက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ “လာမယ့်ပွဲစဉ်တွေမှာ နေမာမကစား နိုင်ဘူးဆိုတာ PSG အသင်းလည်း သိထားပြီးသားပါ။ ခွဲစိတ်သည်ဖြစ်စေ၊ မခွဲစိတ်သည် ဖြစ်စေ သူ့ရဲ့ကုသမှုက အနည်းဆုံးခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကြာနိုင်ပါတယ်”  ဟု ၎င်းက ဆိုသည်။ ၎င်းင်း၏ခန့်မှန်းမှု မှန်ကန်ပါက နေမာသည် ဧပြီလကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆေးစစ်ချက်အဖြေအရ နေမာသည် ယာဘက်ခြေသန်းအရိုး ဆံချည်မျှင်ပမာဏမျှ ကျိုးသွားခြင်းဖြစ်ပြီး ဘရာဇီးလ်အခြေစိုက် Globo Esporte သတင်းစာကလည်း မေလအထိ ကစားနိုင်မည်မဟုတ်ကြောင်း ဖော်ပြသည်။ ဘရာဇီးလ်အသင်းကလည်း ခြေစမ်းပွဲကစားမည့် လူစာရင်းကို မတ် ၂ ရက်အစား ၁၂ ရက်မှ ကြေညာမည်ဟု ထုတ်ပြန်သည်။