အူဘာမီယန်းရောက်ရှိလာခြင်းကြောင့် လာကာဇက်၏ ယုံကြည်မှုကို ထိခိုက်စေခဲ့သည်ဟု အာစင်ဝင်းဂါး သုံးသပ်

အူဘာမီယန်းရောက်ရှိလာခြင်းကြောင့် လာကာဇက်၏ ယုံကြည်မှုကို ထိခိုက်စေခဲ့သည်ဟု အာစင်ဝင်းဂါး သုံးသပ်
Published 13 February 2018

Photo: Getty Images

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းရောက်ရှိလာခြင်းမှာ ပြင်သစ်တိုက်စစ်မှူး လာကာဇက်အပေါ် ရိုက်ခတ်မှုရှိခဲ့ပြီး လာကာဇက်အနေဖြင့် ယုံကြည်မှုထိခိုက်သွားခဲ့သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

လာကာဇက်သည် နွေရာသီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး အသင်း၏ပထမကစားသမားအဖြစ် သတ်မှတ်ခံထားရရာမှ အူဘာမီယန်းက ဇန်နဝါရီအပြောင်းအရွှေ့တွင် ၎င်း၏ ပြောင်းရွှေ့ကြေးစံချိန်ကိုချိုးကာ ရောက်ရှိလာခဲ့ပြီးနောက် ပထမဦးစားပေးတိုက်စစ်မှူးလည်းဖြစ်လာခဲ့သည်။

ယင်းအခြေအနေကြောင့် လာကာဇက်အနေဖြင့် ယုံကြည်မှုထိခိုက်သွားခဲ့ပြီး စပါးအသင်းနှင့်ပွဲတွင် အပိုင်အခွင့်အရေးကိုပင် အသုံးမချနိုင်သည်အထိ ဖြစ်ခဲ့ရသည်ဟု အာစင်ဝင်းဂါးက ယူဆခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးက "သူဟာ ဂိုးသမားနဲ့တစ်ဦးချင်းဆုံတွေ့မှုတွေမှာ ဂိုးသွင်းကောင်းသူတစ်ဦးပါ။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ယုံကြည်မှု အမြင့်ဆုံးအနေအထားမှာ ရှိမနေတာပါပဲ။ ဒါဟာ စိန်ခေါ်သူတစ်ယောက် ရောက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်" ဟုပြောကြားခဲ့သည်။