(၁၉) ကြိမ်မြောက် တွေ့ဆုံမှုမှာ မြန်မာအသင်း အနိုင်ရမလား

(၁၉) ကြိမ်မြောက် တွေ့ဆုံမှုမှာ မြန်မာအသင်း အနိုင်ရမလား
Published 12 August 2017

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၄ ရက် စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာ မြန်မာအသင်းနဲ့ စင်ကာပူအသင်း၊ ည ၇ နာရီ ၁၅ မိနစ်မှာ အိမ်ရှင် မလေးရှားအသင်းနဲ့ ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ အဓိက ပြိုင်ဘက်တွေထဲက စင်ကာပူအသင်းနဲ့ စတင်ကစားရမယ့် မြန်မာအသင်းအတွက် အရေးပါတဲ့ပွဲ ဖြစ်နေပြီး အနိုင်ရမှသာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ စင်ကာပူအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ (၁၉) ကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခု ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (က)မှာ အိမ်ရှင် မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းတို့နဲ့အတူ ပါဝင်နေပါတယ်။ အုပ်စု (ခ) မှာတော့ လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမော၊ ဖိလစ်ပိုင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စု အနေအထားအရ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ မလေးရှား၊ စင်ကာပူတို့နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပြီး စင်ကာပူနဲ့ အဖွင့်ပွဲ၊ မလေးရှားအသင်းနဲ့ အပိတ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းပါဝင်တဲ့ အုပ်စုကို အုပ်စုချောင်တယ်လို့ ပြောနိုင်ပေမယ့် ပေါ့ဆလို့မရတဲ့ အနေအထားပါ။ အဖွင့်ပွဲမှာ စင်ကာပူကို အနိုင်ရရင် ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ရာခိုင်နှုန်း များသွားပြီလို့ ပြောနိုင်ပေမယ့် အုပ်စု ပထမနေရာ ရဖို့ဆိုရင်တော့ ပွဲတိုင်းက အရေးပါပါတယ်။ မြန်မာအသင်းအနေနဲ့ ကံကောင်းတာက အုပ်စုမှာ တွေ့ဆုံနေတဲ့ အသင်းလေးသင်းထဲက သုံးသင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဇူလိုင် ၁၃ ရက်မှာ မလေးရှားအသင်းနဲ့ ခြေစမ်းပွဲ၊ ဇူလိုင် ၁၉ ရက်မှာ စင်ကာပူအသင်းနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ ဇူလိုင် ၂၁ ရက်မှာ ဘရူနိုင်းအသင်းနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မလေးရှားအသင်းကို (ဝ-၂) ဂိုးနဲ့ရှုံးခဲ့ပြီး စင်ကာပူကို (၂-ဝ) ဂိုး၊ ဘရူနိုင်းကို (၃-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ အဖွင့်ပွဲ ကစားရမယ့် စင်ကာပူအသင်းကို အာရှ ယူ-၂၃ ခြေစစ်ပွဲတုန်းက အောင်သူ၊ လှိုင်းဘိုဘိုတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ စင်ကာပူအသင်းရဲ့ လက်ရှိလူစာရင်းဟာ မြန်မာအသင်းကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ လက်ရွေးစင် ကစားသမားတချို့ ပြန်ပါလာပေမယ့် မြန်မာအသင်းအနေနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲတုန်းကလို ခပ်မာမာ တုံ့ပြန်ကစားနိုင်ရင် ကြောက်စရာမလိုပါဘူး။ အာရှ ယူ-၂၃ ခြေစစ်ပွဲတုန်းက စင်ကာပူနည်းပြ ရစ်ချတ်တာဒီ အသုံးပြုခဲ့တဲ့ ဗျူဟာကိုတော့ မြန်မာကစားသမားတွေ သတိထားဖို့ လိုပါတယ်။ မဟုတ်ရင်တော့ အဝါ၊ အနီကတ်တွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ နည်းပြ ဂတ်ဖရိုင်းဒရစ်ဟာ အောင်သူနဲ့ အောင်ကောင်းမာန် တိုက်စစ်အတွဲကို အသုံးပြုပြီး ၄-၄-၂ ပုံစံနဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။ ဂတ်ဖရိုင်းဒရစ်ဟာ တပည့်ရင်းဖြစ်တဲ့ သန်းပိုင် ထက် အောင်ကောင်းမာန်ကို ပိုပြီး နေရာပေးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုပြိုင်ပွဲမှာ အောင်သူနဲ့ အောင်ကောင်းမာန် တိုက်စစ်အတွဲက အမာခံ ဖြစ်လာနိုင်ပါတယ်။ အောင်ကောင်းမာန်ဟာ နောက်ဆုံးကစားခဲ့တဲ့ Ryutsu အသင်းနဲ့ ခြေစမ်းပွဲ ပထမပွဲမှာ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ စင်ကာပူအသင်းဟာ ပြင်သစ်လူမျိုးနည်းပြ ရစ်ချတ်တာဒီ လက်ထက်မှာ နိုင်ငံတကာခြေစမ်းပွဲတွေနဲ့ ပြိုင်ပွဲတွေ ဆက်တိုက်ကစားထားပြီး ဒီလထဲမှာတောင် နှစ်ပွဲ ကစားခဲ့ပါတယ်။ စင်ကာပူ ယူ-၂၂ အသင်းဟာ သြစတြေးလျကို သွားပြီး ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာမှာ နှစ်ပွဲစလုံး ရှုံးခဲ့ပါတယ်။ စင်ကာပူအသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေ၊ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားထားပေမယ့် ခြေစွမ်းပိုင်းအရတော့ တစ်အုပ်စုတည်းပြိုင်ဘက် အိမ်ရှင်မလေးရှားအသင်းကိုတောင် မမီသေးပါဘူး။ စင်ကာပူအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် တစ်ကြိမ်မှ မရဖူးသေးသလို ဗိုလ်လုပွဲကိုလည်း ၁၉၈၉ ပြိုင်ပွဲမှာ နောက်ဆုံးရောက်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူအသင်းဟာ လက်ရွေးစင်အဆင့် ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူထားနိုင်ပေမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲ အပါအဝင် သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ အောင်မြင်မှုက မရှိသလောက် ရှားပါတယ်။

မြန်မာအသင်းနဲ့ စင်ကာပူအသင်းတို့ဟာ ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် (၁၉) ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့(၁၈) ကြိမ်မှာတော့ မြန်မာအသင်းက ရှစ်ပွဲ အနိုင်ရခဲ့ပါတယ်။ စင်ကာပူအသင်းက ခုနစ်ပွဲ အနိုင်ရကာ သုံးပွဲ သရေကျခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ကွာခြားမှုသိပ်မရှိဘဲ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၅ ဆီးဂိမ်းစ်မှာတော့ မြန်မာအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်း အနိုင်ရခဲ့တဲ့ ရှစ်ပွဲမှာ (၅-၁) ဂိုး၊ (၈-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲတွေပါဝင်ခဲ့ပြီး စင်ကာပူအသင်း အနိုင်ရခဲ့တဲ့ ပွဲတွေထဲမှာတော့ (၄-ဝ) ဂိုးရလဒ်က အများဆုံးဖြစ်ပါတယ်။

ဒီပွဲဟာ မြန်မာအသင်းအတွက် အရေးပါတဲ့ အုပ်စုအဖွင့်ပွဲ ဖြစ်တာကြောင့် အနိုင်ရဖို့ ကြိုးစားမှာ သေချာပါတယ်။ ခြေစွမ်းပိုင်းမှာ ယှဉ်ကစားနိုင်ဖို့ မလွယ်လို့ စင်ကာပူအသင်းက ဗျုဟာတွေ၊ ပရိယာယ်တွေ သုံးလာခဲ့ရင် မြန်မာအသင်းအနေနဲ့ ကျော်လွှားနိုင်ဖို့ လိုပါတယ်။ အာရှ ယူ-၂၃ ခြေစစ်ပွဲတုန်းကလို ကစားပြီး ရတဲ့အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရင် မြန်မာအသင်းရဲ့ စင်ကာပူနဲ့ (၁၉)ကြိမ်မြောက် တွေ့ဆုံမှုက လှပတဲ့ ရလဒ်တစ်ခု ထွက်ပါလိမ့်မယ်။