စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 17 January 2018

 

Photo: AFP

■  အက်သလက်တီကို နှင့် ဆီဗီလာ (၁၈-၁-၂၀၁၈) ကြာသပတေးနေ့ နံနက် ၀၀း၃၀ နာရီ

အက်သလက်တီကိုအသင်းက ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲ ဆက် အနိုင်ရထားပြီး နောက်ဆုံး(၄)ပွဲမှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ ဆီဗီလာက လာလီဂါမှာ ရလဒ်တွေဆိုးရွားနေပြီး ဒီပြိုင်ပွဲမှာလည်း ကာဒစ်ဇ်လိုအသင်းနဲ့ ဆုံတွေ့လို့ ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာပါ။ တိုက်စစ်က ဂိုးသွင်းခြေရှိပေမယ့် ခံစစ်ပိုင်းကတော့ ဖရိုဖရဲနိုင်လွန်းပါတယ်။ ဒါကြောင့် ပိုအားကောင်းလာတဲ့ အက်သလက်တီကိုတိုက်စစ်ကို ခုခံနိုင်ဖို့မလွယ်ပါဘူး။ အိမ်ရှင်နဲ့ ဂိုးအများဖြစ်နိုင်ပါတယ်။

■ ဗလင်စီယာ နှင့် အလာဗတ်စ် (၁၈-၁-၂၀၁၈) ကြာသပတေးနေ့ နံနက် ၀၀း၃၀ နာရီ

ဗလင်စီယာအသင်း နိုင်ပွဲပြန်ဆက်လာသလို၊ ဗီယက်တို၊ ကိုကီလင်တို့ရောက်လာတာကြောင့် အသင်းရဲ့လူအင်အားကလည်း ပိုပြီးတောင့်တင်းသွားပါတယ်။ အလာဗတ်စ်ကတော့ ဖော်မန်တယ်ရာလိုအသင်းနဲ့တွေ့လို့ ဒီအဆင့်ရောက်လာတာလို့ ဆိုရမှာပါ။ အိမ်ကွင်းမှာ (၃)ပွဲဆက်အနိုင်ရထားတဲ့ပြိုင်ဘက်ကို ဗလင်စီယာ အနိုင်ကစားမှာပါ။

■  အက်စ်ပန်ညို နှင့် ဘာစီလိုနာ (၁၈-၁-၂၀၁၈) ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ

ဘာစီလိုနာအသင်းက စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်သလို၊ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းလည်း ဖြစ်နေပါတယ်။ လာလီဂါမှာ ပြိုင်ဘက်တွေကို အမှတ်ဖြတ်ထားနိုင်တာကြောင့်လည်း ဖိအားကင်းကင်းနဲ့ ကစားခွင့်ရနေပါတယ်။ ကတ်တလန်ဒါဘီပြိုင်ဘက်ဖြစ်ပေမယ့် အက်စ်ပန်ညိုအသင်း အနေနဲ့ ဘာစီလိုနာကို ဒုက္ခမပေးနိုင်တာကြာပါပြီ။ အဝေးကွင်းမှာ ဘာစီလိုနာအသင်း အားသိပ်မစိုက်တတ်ပေမယ့် ဒါဘီပွဲမှာတော့ ပရိသတ်ကျေနပ်အောင် အနိုင်ကစားဖို့များပါတယ်။