နောက်ခံလူဇော်မင်းထွန်းကို ထိုင်းကလပ် ဆူဖန်ဘူရီအသင်းသို့ ရန်ကုန်အသင်း ပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိ

နောက်ခံလူဇော်မင်းထွန်းကို ထိုင်းကလပ် ဆူဖန်ဘူရီအသင်းသို့ ရန်ကုန်အသင်း ပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိ
Published 1 January 2018

ဆူဖန်ဘူရီအသင်းတွင် အငှားသွားရောက်ကစားမည့် နောက်ခံလူ ဇော်မင်းထွန်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

ရန်ကုန်အသင်းသည် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းလိဂ်-၁ ကလပ် ဆူဖန်ဘူရီအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်အသင်းသည် ခံစစ်ပိုင်း အားနည်းသွားနိုင်သောကြောင့် ဇော်မင်းထွန်းကို ပြောင်းရွှေ့ခွင့်မပြုလိုသော်လည်း ကစားသမား၏ဆန္ဒအရ ခွင့်ပြုပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်အသင်းနှင့် ဆူဖန်ဘူရီအသင်း တာဝန်ရှိသူများသည် ဇော်မင်းထွန်း၏အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးနှင့် ကစားသမား၏ ခံစားခွင့်များရပါက ခွင့်ပြုပေးမည်ဖြစ်သည်။ ဆူဖန်ဘူရီအသင်းသည် ဇော်မင်းထွန်းကို ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ရန်ကုန်အသင်းထံ ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် သဘောတူညီမှု ရရှိပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်းမှသာ အပြီးသတ်နိုင်ဖွယ်ရှိနေသည်။

အပြောင်းအရွှေ့ကိစ္စအတွက် သဘောတူညီမှုရခဲ့ပါက ဆူဖန်ဘူရီအသင်းသည် ဇော်မင်းထွန်းအား အမြန်ဆုံးဆေးစစ်မည်ဖြစ်ပြီး အောင်မြင်ပါက အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ဆူဖန်ဘူရီအသင်းသည် ဇော်မင်းထွန်းအား အောင်သူနှင့် ကျော်ကိုကိုထက်မြင့်မားသည့်လစာဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။ ဇော်မင်းထွန်းသည် တစ်လလျှင် ဒေါ်လာ ၉၀၀၀ ဝန်းကျင်ရရှိမည်ဖြစ်ပြီး အခြားခံစားခွင့်များလည်း ပါဝင်ကာ ပြောင်းရွှေ့ကြေးကိုမူ နှစ်သင်းစလုံးက ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း သိရသည်။ ဇော်မင်းထွန်းသည် ဆူဖန်ဘူရီအသင်းနှင့် အပြီးသတ်စာချုပ်ချုပ်ဆိုပါက ထိုင်း လိဂ်-၁ တွင် ကစားခွင့်ရမည့် တတိယမြောက် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ဇော်မင်းထွန်းသည် မကွေးအသင်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့ပြီး ရန်ကုန်အသင်းမတိုင်မီ ရတနာပုံ အသင်းတွင် ကစားခဲ့ကာ ရတနာပုံ၊ ရန်ကုန်အသင်းတို့နှင့် အမှတ်ပေးချန်ပီယံဆုများ ရယူနိုင်ခဲ့သည်။ ၂၀၁၈ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ဖေဖော်ဝါရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အာဆီယံကစားသမားများ ခေါ်ယူနိုင်ခြင်းမရှိသေးသည့် ကလပ်အသင်းများအနေဖြင့် မြန်မာကစားသမားများကို ခေါ်ယူခွင့်ရရန် ထပ်မံကြိုးပမ်းဖွယ်ရှိ ကြောင်း သိရသည်။