■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၂)

■ ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၁၂)
Published 7 August 2017


Photos: AP,Gettyimages,Man Utd,PA,Skysports,Daily Mail,Mirror ...

■ မန်ဒက်စ် ဘယ်လောက်ရခဲ့သလဲ

စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူအသင်းကို စီရော်နယ်လ်ဒို ရောက်ရှိလာခဲ့ရာမှာ ပေါ်တူဂီလူမျိုးအေးဂျင့် ဂျော့ချ်မန်ဒက်စ်ရဲ့စွမ်းဆောင်မှုတွေက အဓိကကျခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့မှာ မန်ဒက်စ်အနေနဲ့ အေးဂျင့်ကြေး ဘယ်လောက်ရခဲ့သလဲဆိုတာ ယနေ့အချိန်အထိ အငြင်းပွားဖွယ်ရာ ဖြစ်နေတုန်းပါပဲ။ ဒီအပြောင်းအရွှေ့ဖြစ်ပေါ်ပြီး သိပ်မကြာခင်မှာ ပေါ်တူဂီဘောလုံးအေးဂျင့် အေဂျင်စီတစ်ခု ဖြစ်တဲ့ Formation ကမန်ဒက်စ်ရဲ့ အေးဂျင့်ကုမ္ပဏီ GestiFute ဆီကနေ ဒီအပြောင်းအရွှေ့အတွက် ငွေကြေးတစ်ဝက်ရသင့်ကြောင်း တရားရုံးကနေတစ်ဆင့် တောင်းဆိုလိုက်ပါတယ်။ Formation နဲ့ GestiFute ကုမ္ပဏီနှစ်ခုဟာ ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကို အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့နဲ့ အကျိုးအမြတ်ကို အညီအမျှခွဲဝေရယူဖို့ သဘောတူထားတယ် လို့ Formation အေဂျင်စီတာဝန်ရှိသူတွေက တရားရုံးထံတင်ပြကာ မန်ဒက်စ်ဆီက အေးဂျင့်ကြေးကို ခွဲဝေပေးဖို့ တောင်းဆိုခဲ့တာပါ။ အဲဒီတုန်းက မန်ဒက်စ်က ဒီအပြောင်းအရွှေ့အတွက် သူအကျိုးဆောင်ခယူရို(၄)သိန်း(ပေါင် ၃သိန်း ကျော်)ခန့်သာ ရရှိခဲ့တယ်လို့ဆိုခဲ့ပြီး Formation အေဂျင်စီကို ပေါင်(၈၀၀၀၀)ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အရည်အသွေးရှိ အေးဂျင့်မန်ဒက်စ်နဲ့ ရေရှည်ဆက်ဆံရေးရှိလိုတဲ့ Formation အေဂျင်စီတာဝန်ရှိသူတွေဟာ မန်ဒက်စ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဟာ ၂၀၁၄ ခုနှစ်အတွင်းအသင်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ စီရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ကနေ အေးဂျင့်ကြေး ယူရို(၁ .၅)သန်း (ပေါင် ၁ .၁၂၉ သန်း) ပေးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပိုပြီးရှုပ်ထွေးတဲ့အရာတစ်ခုကတော့ ဒီယူရို (၁ .၅) သန်းထဲကနေ ဘရန်ချီနီဆိုတဲ့ အေးဂျင့်ကို ပေါင် (၁)သန်း(ယူရို ၁ .၃၃သန်း)ပေးခဲ့ရတယ်ဆိုတဲ့ ဖော်ပြမှုဖြစ်ပြီး တကယ်တမ်း စီရော်နယ်လ်ဒိုအတွက် ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြရာမှာ ဘရန်ချီနီက ဘယ်နေရာကနေပါဝင်ခဲ့သလဲဆိုတာ မီဒီယာတွေ လုံးဝမတွေ့ရှိရတဲ့ အချက်ပါပဲ။ Formation အေဂျင်စီဟာ မန်ဒက်စ်ရဲ့အလိုဆန္ဒကို လိုက်လျောမှုတွေပြုလုပ်ခဲ့ပေမယ့် ၂၀၀၄ခုနှစ်အတွင်း ပေါ်တိုကနေ ချယ်လ်ဆီးအသင်းကို နည်းပြမော်ရင်ဟိုနဲ့ ပေါ်တူဂီကစားသမားတချို့ ရောက်ရှိလာခဲ့တဲ့ အပြောင်းအရွှေ့တွေအပြီးမှာ Formation နဲ့ GestiFute တို့ရဲ့ လက်တွဲမှုဟာ အပြီးတိုင်အဆုံးသတ်သွားခဲ့ပါတယ်။ -----

■ (၁၀)ရက်အကြာမှာ ပွဲထွက်ခွင့်ရ

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ယူကစားသမားအဖြစ် ကြေညာအပြီး(၄)ရက်အကြာ (တစ်နည်း အားဖြင့်) စပို့တင်းလစ္စဘွန်း-မန်ယူ ခြေစမ်းပွဲမှာ စပို့တင်းကစားသမားအဖြစ် နောက်ဆုံးကစားခဲ့ပြီး (၁၀)ရက်အကြာမှာပဲ စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲကတော့ ၂၀၀၃ခုနှစ်၊ သြဂုတ်လ(၁၆) ရက်နေ့မှာကစားခဲ့တဲ့ မန်ယူ(၄-ဝ)ဘော်လ်တန် ရာသီအဖွင့်ပွဲစဉ် (၁)ပဲဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ် ကွင်းမှာကစားခဲ့တဲ့ ဒီပွဲကို ပရိသတ်(၆၇၀၀၀) ကျော်လာရောက်အားပေးခဲ့ပြီး ပွဲမတိုင်ခင်တစ်ရက်အလိုအထိ ဒီပွဲမှာသူပါဝင်ကစားရလိမ့်မယ်လို့ စီရော်နယ်လ်ဒို မထင်ခဲ့ပါဘူး။ နည်းပြဖာဂူဆန်အနေနဲ့ လစ္စဘွန်းကသူ့ရဲ့ပစ္စည်းတွေပြန်သယ်ဖို့ ပေါ်တူဂီကို ဒီရက်ပိုင်းပြန်ခွင့်ပေးလိမ့်မယ်လို့ပဲ စီရော်နယ်လ်ဒို ယူဆထားခဲ့တာပါ။ ဒါပေမဲ့ သောကြာနေ့မှာ ဖာဂူဆန်ကရာသီအဖွင့်ပွဲအတွက် အသင့်ပြင်ထားဖို့ သူ့ကိုအကြောင်းကြားခဲ့လို့ စီရော်နယ်လ်ဒိုအံ့အားသင့်ခဲ့ရပါတယ်။

စနေနေ့မှာကစားခဲ့တဲ့ မန်ယူ-ဘော်လ်တန် ပွဲထွက်လူစာရင်းမှာ တင်မ်ဟောင်းဝပ်၊ ဖီးလ်နဗီးလ်၊ ဖာဒီနန်၊ ဆီဗက်စတြာ၊ ဖော်ကျွန်း၊ ရွိုင်ကင်း၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ နစ်ကီဘတ်၊ ဆိုးလ်ရှားနဲ့ နစ္စတယ်ရွိုင်းတို့ ပါဝင်ခဲ့ပါတယ်။ ဘော်လ်တန်အသင်းမှာတော့ အဲဒီတုန်းကနာမည်ကြီးနေတဲ့ အိုကိုချာ၊ ကမ်ပို၊ ကီဗင်နိုလန်တို့ ပါဝင်ခဲ့ပါတယ်။ မန်ယူ အသင်း(၁-ဝ)ဂိုးနဲ့ အနိုင်ရနေချိန် ပွဲချိန်(၆၀) မိနစ်ခန့်မှာ ဖာဂူဆန်က အရံခုံတန်းမှာထိုင်နေတဲ့ စီရော်နယ်လ်ဒိုကို ကြည့်ပြီး " သွေးပူလေ့ကျင့်ခန်း သွားလုပ်တော့ "လို့ပြောလိုက်ပါတယ်။ ဖာဂူဆန်ရဲ့စကားအဆုံးမှာ တလှပ်လှပ်ခုန်နေတဲ့ ရင်ခုန်သံနဲ့အတူ ကွင်းဘေးစည်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ စီရော်နယ်လ်ဒိုပြေးသွားခဲ့ပါတယ်။ စပို့တင်း-မန်ယူ ခြေစမ်းပွဲကို MUTV ကပြသခဲ့တာကြောင့် မန်ယူပရိသတ်တချို့တစ်ဝက်က သူ့ကိုသိရှိနေကြပြီး ပွဲကြည့်စင်ပေါ်ကနေ အော်ဟစ်အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ပွဲချိန်(၆၁)မိနစ်မှာ ကွင်းလယ်လူ နစ်ကီဘတ်အစားကွင်းထဲကို စီရော်နယ်လ်ဒို ဝင်လာခဲ့ပါတယ်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အရောင်ဆိုးထားတဲ့ လိမ်ကျစ်ဆံပင်လေးတွေ တွဲလောင်းကျနေတဲ့ စီရော်နယ်လ်ဒိုကို ဘယ်သူဘယ်ဝါလဲလို့ ဘော်လ်တန်ကစားသမားတွေ အချင်းချင်းမေးခွန်းထုတ်နေရင်းနဲ့ပဲ သူ့ရဲ့ပုံစံမျိုးစုံနဲ့ တိုက်စစ်ဆင်မှုကို အလူးအလဲခံခဲ့ရပါတယ်။ ဘော်လ်တန်နောက်ခံလူ နစ်ကီဟန့်နဲ့ ရီကာဒိုဂါ့ဒ်နာတို့ အတော်ကိုအလုပ်ရှုပ်ခဲ့သလို၊ ဒီလူငယ်ကစားသမားလေးရဲ့ မြန်နှုန်းကိုမလိုက်နိုင်တာကြောင့် နောက်မှာပဲ ကျန်နေရစ်ခဲ့ကြပါတယ်။ ပွဲကြည့်စင်ပေါ်က မန်ယူပရိသတ်တွေရဲ့ အားပေးသံကလည်း တဝေါဝေါနဲ့ တစ်ကွင်းလုံးမှာ သူ့ရဲ့လှုပ်ရှားမှုတွေက ပရိသတ်အားလုံးရဲ့ အာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ သူပါဝင်ကစားခဲ့ရတဲ့ မိနစ်အပိုင်းအခြားက နာရီဝက်တောင်မရှိခဲ့ပေမယ့် ဒီအချိန်အတွင်း မန်ယူအသင်းဟာအနိုင်ဂိုး(၃)ဂိုး ထပ်ရခဲ့ပါတယ်။ ဒီပွဲက ရိုင်ယန်ဂစ်ရဲ့ ဂိုး(၂)ဂိုး၊ နွေရာသီမှာ အသင်းကထွက်သွားတဲ့ ဒေးဗစ်ဘက်ခမ်အစရှိတဲ့ ထူးခြားတဲ့ အကြောင်းအရာတွေဟာ ပရိသတ်တွေအကြား ပြောစရာစကားတွေမဟုတ်တော့ဘဲ ရော်နယ်လ်ဒိုဆိုတဲ့ စကားလုံးကသာ မန်ယူပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နားခိုရာတစ်ခုဖြစ်ခဲ့ပါတယ်။

■ ရော်နယ်လ်ဒို . . ရော်နယ်လ်ဒို . . ? ?
ပွဲအပြီးမှာတော့ ဒီလူငယ်ကစားသမားလေးရဲ့ အကြောင်းကိုမေးမြန်းဖို့ပဲ အားကစားဂျာနယ်လစ်အားလုံးက အားထုတ်ခဲ့ကြပြီး ပွဲအပြီးမီဒီယာတွေ့ဆုံပွဲမှာ ရော်နယ်လ်ဒိုဆိုတဲ့စကားလုံးကိုပဲ အပ်ကြောင်းထပ်အောင်ပြောဆိုနေကြပါတယ်။ ဒီပွဲမှာ မိနစ်အနည်းငယ်သာကစားခဲ့ရပေမယ့် စီရော်နယ်လ်ဒိုဟာ Man of the Match ဆုရရှိခဲ့ပါတယ်။ ဘော်လ်တန်အသင်း နည်းပြကြီးဆမ်အလာဒိုက်စ်ကတော့ စီရော်နယ်လ်ဒိုကို ဒီပွဲမတိုင်မီအထိ သူလုံးဝမသိရှိခဲ့ဘူးလို့ ပွဲအပြီးမှာ ရိုးရိုးသားသားဝန်ခံခဲ့ပါတယ်။ အသက်(၁၇)နှစ်အရွယ်မှာ စပို့တင်းလစ္စဘွန်းအသင်းကြီးနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အသက် (၁၈) နှစ်အရွယ်မှာ မန်ယူအသင်းကြီးမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ နောက်(၄) ရက်အကြာမှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၀၃ခုနှစ်၊ သြဂုတ်(၂၀)ရက်နေ့မှာ ကစားတဲ့ကာဇက်စတန်အသင်းနဲ့ခြေစမ်းပွဲမှာ ပေါ်တူဂီအသင်းနည်းပြစကိုလာရီက စီရော်နယ်လ်ဒိုကို ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ကစားစေခဲ့တာပါ။ ဒီပွဲမှာ ဒုတိယပိုင်း အစကနေ စတင်ကစားခွင့်ရရှိခဲ့ပြီး ပေါ်တူဂီ အသင်းက(၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ မန်ယူ-ဘော်လ်တန်ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းမျိုး အမြဲပြသနေမယ်ဆိုရင် မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားတင်မက ချန်ပီယံလိဂ်ဖလားကိုပါ အမြဲတမ်းရရှိနေလိမ့်မယ်လို့ ဖာဂူဆန်က ပြောခဲ့ပါတယ်။ ဒီစကားရဲ့အနက်အဓိပ္ပာယ်ကတော့ ကစားသမားတစ်ဦးအနေနဲ့ အကောင်းဆုံးခြေစွမ်းကို အစဉ်အမြဲပြသနိုင်မှာမဟုတ်ဘူးလို့ ဖာဂူဆန်က ဝင်္ကဝုတ္တိအလင်္ကာသုံးစွဲပြီး ကြိုတင်ပြောကြားခဲ့တာပါ။ ဝါရင့်နည်းပြကြီးတစ်ဦးရဲ့စကားဟာ ဘယ်လောက်အထိ မှန်ကန်သလဲဆိုတာ ကြာကြာမစောင့်ဆိုင်းခဲ့ရပါဘူး။ မန်ယူ-ဘော်လ်တန်ပွဲအပြီး နောက်နှစ်ပွဲအကြာ မန်ယူ-ဝုလ်ဗ်ပွဲမှာ ဒီစကားရဲ့အဖြေထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်လို့ ပွဲချိန်(၆၇)မိနစ်မှာ လူစားလဲခံခဲ့ရပြီး ဝုလ်ဗ်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ မန်ယူအသင်းအနေနဲ့ ပိုက်ဆံအလကားဖြုန်းတီးပြီး သူ့ကိုခေါ်ခဲ့တယ်ဆိုတဲ့ အော်ဟစ်မှုတွေလည်းရှိခဲ့ပါတယ်။

■ ပရီးမီးယားလိဂ်ရဲ့ ပထမသင်ခန်းစာ
ဒါဟာစီရော်နယ်လ်ဒို စတင်ကြုံတွေ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ သင်ခန်းစာတစ်ပုဒ်ပါပဲ။ လက်စတာစီးတီးအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ စကောင်းခရော့ဖ်က စီရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီးနည်းပြ မစ်ကီအဒမ်စ်က သူ့ကို ဘယ်လိုသင်ကြားထားသလဲဆိုတာ နောက်ပိုင်းမှာ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ " ရော်နယ်လ်ဒိုဆိုတဲ့ ကောင်လေးကို အင်္ဂလန်ဘောလုံးပွဲတွေရဲ့ သင်ခန်းစာ နည်းနည်းပေးလိုက်ရအောင် "လို့ မစ်ကီအဒမ်စ်ကဆိုခဲ့ပြီး စီရော်နယ်လ်ဒို တိုက်စစ်ဆင်မရအောင် ဖျက်ထုတ်မှုတွေ ဘယ်လိုပြုလုပ်ရမလဲလို့ သင်ကြားခဲ့ကြောင်း စကောင်းခရော့ဖ်က ဝန်ခံခဲ့ပါတယ်။ သူ့ကို ပစ်မှတ်ထားတဲ့ ဖျက်ထုတ်မှုတွေ အကြိမ်ကြိမ်ကြုံလာတဲ့အခါမှာ စီရော်နယ်လ်ဒိုအနေနဲ့ စိတ်ကြိုက်ကစားခွင့်မရတော့ဘဲ ကွင်းထဲမှာ အကြိမ်ကြိမ်လဲကျခြင်းနဲ့သာ အချိန်ကုန်လာပါတယ်။ နဂိုကတည်းက ခန္ဓာကိုယ်သေးသွယ်တဲ့ စီရော်နယ်လ်ဒိုရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ နှိုင်းစာရင် သူလဲကျနေတဲ့ အကြိမ်အရေအတွက်က ပိုမိုများပြားနေတာကြောင့် ပြိုင်ဘက်ကစားသမားတွေ၊ ဒိုင်လူကြီးတွေက သူ့အပေါ်စိတ်ပျက်လာရုံမက အသင်းဖော်တွေကတောင် သူ့အပေါ် ငြိုငြင်လာကြပါတယ်။ တချို့ဖြစ်ရပ်တွေမှာ မန်ယူအသင်းအနေနဲ့ ပယ်နယ်တီရသင့်ပေမယ့် လဲကျသူက စီရော်နယ်လ်ဒိုဖြစ်နေရင် ဒိုင်တွေကလွယ်လွယ်ကူကူ လဲှချတတ်တဲ့ သူ့ရဲ့အမူအကျင့်ကြောင့် ပယ်နယ်တီမသတ်မှတ်တော့ဘဲ အသင်းအနေနဲ့ အခွင့်အရေးတချို့ဆုံးရှုံးရတယ်လို့ နည်းပြဖာဂူဆန်နဲ့အသင်းဖော်တွေက မြင်လာကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဖာဂူဆန်က သူ့ကိုတစ်ဦးတည်းခေါ်ယူတွေ့ဆုံသတိပေးခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမားတစ်ဦးအဖြစ် ရေရှည်ကစားချင်တယ်ဆိုရင် မိမိရဲ့ကစားပုံကို ပြင်ဆင်ဖို့ပြောကြားကာ သူ့အနေနဲ့ ဖျက်ထုတ်မှုတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ အဓိကသင်ကြားပေးခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

written by: မြတ်ထွဋ်