မန်စီးတီးအသင်း စံချိန်တင် (၁၅)ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်း နိုင်ပွဲပြန်လည် ရရှိ

မန်စီးတီးအသင်း စံချိန်တင် (၁၅)ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်း နိုင်ပွဲပြန်လည် ရရှိ
Published 14 December 2017

ပုံစာ- မန်ချက်စတာယူနိုက်တက်
အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့သည့်
လူကာကူ Photo: BBC

ပုံစာ မန်စီးတီးအသင်းအတွက်
နှစ်ဂိုးသွင်းယူပေးခဲ့သည့်
ဒေးဗစ်ဆေးလ်ဗား
Photo: BBC

ပုံစာ - အဲဗာတန်အတွက်
ပရီးမီးယားလိဂ် (၉)ဂိုးမြောက်
သွင်းယူနိုင်ခဲ့သည် ရွန်နီ
Photo: BBC

ပရီးမီးယားလိဂ်ကြားရက်ပွဲစဉ်များတွင် မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်၊ စပါးစသည့်အသင်းကြီးများ
နိုင်ပွဲရရှိခဲ့ပြီး လီဗာပူးလ်၊ အာဆင်နယ်အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဦးဆောင်သူနေရာတွင် (၁၁)မှတ်ဖြတ်ဦးဆောင်နေသော မန်စီးတီးအသင်းသည်
ဆွမ်ဆီးအသင်းကို အဝေးကွင်း၌ အနိုင်ယူ၍ စံချိန်တင်
ပရီးမီးယားလိဂ်(၁၅)ပွဲဆက် နိုင်ပွဲမှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ဆွမ်ဆီးကို တစ်ဖက်သတ်နီးပါး ဖိကစားခဲ့ပြီး
(၂၁)မိနစ်၌ ဒေးဗစ်ဆေးလ်ဗားက ဘယ်ခြေဖြင့်အနီးကပ်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။
မန်စီးတီးအသင်းအတွက် ဒုတိယဂိုးအား ဒီဘရိုင်းနားက ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်း၍
ရယူပေးခဲ့သည်။ မန်စီးတီးအသင်းသည် ဒုတိယပိုင်းတွင်လည်း ဆက်လက်ခြေစွမ်းပြခဲ့ပြီး
နောက်ထပ်အနိုင်ဂိုးများကို (၅၂)မိနစ်၌ ဒေးဗစ်ဆေးလ်ဗားနှင့် (၈၅)မိနစ်၌
အဂွဲရိုတို့က သွင်းယူပေးခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းနှင့် ဝက်စ်ဘရွန်းအသင်းတို့ပွဲစဉ်တွင် လီဗာပူးလ်အသင်းသည်
ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း
ဂိုးကံခေခဲ့သဖြင့် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။
လီဗာပူးလ်အသင်းတိုက်စစ်တွင် ဖေမီနို၊ ကော်တင်ဟို၊ ဆာလာတို့ ပွဲထွက်ခဲ့ပြီး
ပွဲချိန် (၃၁)မိနစ်၌ ကော်တင်ဟို၏ ဂိုးဧရိယာထိပ်နားမှ ညာခြေဖြင့်ကန်ချက်ကို
ဝက်စ်ဘရွန်းဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်အသင်းသည်
ဆက်လက်ဖိအားပေးခဲ့နိုင်ခဲ့ပြီး ဆိုလန်ကီ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း
လက်ထိဘောအဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် ကံဆိုးခဲ့ရကာ
နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။

မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဘုန်းမောက်အသင်းတို့ပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းသည်
ကစားကွက်လိုအပ်ချက်များရှိခဲ့သော်လည်း ပထမပိုင်း၌ လူကာကူ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဘုန်းမောက်အသင်းသည် တန်ပြန်တိုက်စစ်များမှတစ်ဆင့် အခွင့်အရေးအချို့ရခဲ့ပြီး
မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာ တည်ငြိမ်စွာဖြင့် ကာကွယ်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မန်ချက်စတာယူနိုက်တက်အသင်းသည် ဖိကစားနိုင်ခဲ့သော်လည်း
အပိုင်အခွင့်အရေးများ သိပ်မရရှိခဲ့ဘဲ ဘုန်းမောက်အသင်း၏ ခြိမ်းခြောက်မှုကို ပြန်လည် သတိထားနေရသည်။
လူစားဝင်တိုက်စစ်မှူး ဒီဖိုး၏ အနီးကပ်အပြင်းကန်ချက်ကို ဂိုးသမားဒီဂီယာကာကွယ်နိုင်ခဲ့ပြန်သဖြင့်
မန်ချက်စတာယူနိုက်တက်အသင်း ကံကောင်းခဲ့ရသည်။
ဒုတိယပိုင်းတွင် မန်ချက်စတာယူနိုက်တက်အသင်း အနီးစပ်ဆုံးဂိုးရနိုင်ခြေအဖြစ်
ရပ်ရှ်ဖို့ဒ်၏ အမှတ်မထင်ကန်ချက် တိုင်ထိထွက်ခဲ့ခြင်းသာရှိခဲ့သည်။
ပွဲပြီးခါနီးတွင် ဘုန်းမောက်အသင်းသည် ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း
မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သည်။

အာဆင်နယ်အသင်းသည် အဝေးကွင်းတွင် ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့ပြီး
ပရီးမီးယားလိဂ် (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။
ဂိုးကန်သွင်းခွင့် (၂၂)ကြိမ်အထိ ရခဲ့သော်လည်း ဂျရူး၊ အိုဇေးလ်တု့ိ အခွင့်အရေးများ
အသုံးမချနိုင်ခဲ့သဖြင့် အာဆင်နယ်အသင်းသည် နောက်ဆုံး (၃)လအတွင်း
ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးပေါက်ပျောက်ဆုံးခဲ့ရကြောင်း သိရသည်။
သို့သော် ဒုတိယပိုင်းတွင် ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်၏
ဂိုးရရှိရန်ကြိုးပမ်းမှု ဘားတန်းထိထွက်ခဲ့သဖြင့် အာဆင်နယ်ဂိုးမပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခြားပွဲစဉ်များတွင် အဲဗာတန်အသင်းသည် ရွန်နီ၏ ပရီးမီးယားလိဂ် (၉)ဂိုးမြောက်သွင်းဂိုးဖြင့်
နယူးကာဆယ်အသင်းကို အဝေးကွင်း၌ အနိုင်ရရှိခဲ့ပြီး
လက်စတာ၊ စပါးအသင်းတို့လည်း နိုင်ပွဲရရှိကာ မျက်နှာပန်းလှခဲ့သည်။

ရလဒ်များ

ဆွမ်ဆီး ဝ-၄ မန်စီးတီး
နယူးကာဆယ် ဝ-၁ အဲဗာတန်
ဆောက်သမ်တန် ၁-၄ လက်စတာ
ဝက်စ်ဟမ်း ဝ-၀ အာဆင်နယ်
မန်ချက်စတာယူနိုက်တက် ၁-၀ ဘုန်းမောက်
လီဗာပူးလ် ဝ-၀ ဝက်စ်ဘရွန်း
စပါး ၂-၀ ဘရိုက်တန်