အခွန်ရှောင်ရန် ကြိုးပမ်းခဲ့ကြောင်း ရီးယဲလ်အသင်းနောက်ခံလူ မာဆယ်လို ဝန်ခံ

အခွန်ရှောင်ရန် ကြိုးပမ်းခဲ့ကြောင်း ရီးယဲလ်အသင်းနောက်ခံလူ မာဆယ်လို ဝန်ခံ
Published 30 November 2017

Photo: cricketsoccer

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ် နောက်ခံလူ မာဆယ်လိုသည် အခွန်ရှောင်လွှဲမှု စွဲချက်အား ဝန်ခံထွက်ဆိုခဲ့ကြောင်း စပိန်တရားရုံးသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

မာဆယ်လိုသည် ၂၀၁၃ ခုနှစ်က ပုံရိပ်အသုံးပြုခဝင်ငွေအတွက် ယူရို ၄၉၀၉၁၇ (ဒေါ်လာ ၅၇၉၃၄၈) ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည်။

ယင်းအမှုအား မက်ဒရစ်မြို့ ဆင်ခြေဖုံးဒေသဖြစ်သည့် အယ်လ်ကိုဘန်ဒက်စ်တရားရုံး၌ စစ်ဆေးရာ ၎င်းက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခြင်းဖြစ်ပြီး အခွန်ရှောင်လွှဲခဲ့သည့် ပမာဏအတိုင်း ပြန်လည် ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် မာဆယ်လိုသည် ယင်းဖြစ်ရပ်ကြောင့် ဆိုင်းငံ့ထောင်ဒဏ်လေးလနှင့် အခွန်ရှောင်လွှဲသည့်ပမာဏ၏ ရာခိုင်နှုန်း ၄၀ အား ဒဏ်ကြေးအဖြစ် ထပ်မံပေးဆောင်ရန် သဘောတူညီမှုရထားကြောင်း သိရသည်။

မီဒီယာများ၏ဖော်ပြချက်အရ မာဆယ်လိုသည် ဥရုဂွေးနှင့် ဗြိတိန်ကျွန်းစုရှိ ကုမ္ပဏီများမှတစ်ဆင့် အခွန်ရှောင်ခဲ့ခြင်းဖြစ်ပြီး စပိန်နိုင်ငံ၌ အခွန်ရှောင်လွှဲမှုပြဿနာကြုံ တွေ့ရသည့် ဘောလုံးကြယ်ပွင့်များအနက် တစ်ဦးအပါအဝင်ဖြစ်လာသည်။ ရီးယဲလ်အသင်းဖော် စီရော်နယ်လ်ဒိုမှာလည်း အလားတူပြဿနာရင်ဆိုင်နေရကြောင်း သိရသည်။