၂၀၁၈ တွင် အာရှအဆင့်ပြိုင်ပွဲအဖြစ် ဖူဆယ်ပြိုင်ပွဲတစ်မျိုးတည်းသာ ယှဉ်ပြိုင်ရမည်

၂၀၁၈ တွင် အာရှအဆင့်ပြိုင်ပွဲအဖြစ် ဖူဆယ်ပြိုင်ပွဲတစ်မျိုးတည်းသာ ယှဉ်ပြိုင်ရမည်
Published 6 November 2017

အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရပြီး အာရှခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာအသင်း (Photo: MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လာမည့် ၂၀၁၈ ခုနှစ်တွင် အာရှအဆင့်ပြိုင်ပွဲအဖြစ် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ တစ်မျိုးတည်းသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် ယခုနှစ်အတွင်း ကျင်းပသည့် အာရှခြေစစ်ပွဲများ ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။

MFF သည် ယခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများအနက် ခြေစစ်ပွဲ ငါးခုယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကျန်အသင်းများ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ဘောလုံးပြိုင်ပွဲများဖြစ်သည့် အာရှ ယူ- ၂၃ ခြေစစ်ပွဲ၊ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၁၆ ခြေစစ်ပွဲနှင့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲများ ယှဉ်ပြိုင်ခဲ့ရာ ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။ ယူ-၁၆ ခြေစစ်ပွဲမှလွဲ၍ ကျန်အသင်းများသည် ခြေစစ်ပွဲ အောင်မြင်နိုင်သည့် အနေအထားရှိသော်လည်း လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ AFC သည် အာရှဖူဆယ်ပြိုင်ပွဲ၏ အာဆီယံဇုန် ခြေစစ်ပွဲကို သီးခြားမကျင်းပဘဲ ၂၀၁၇ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ချိတ်ဆက် ကျင်းပခဲ့ပြီး ဆီမီးဖိုင်နယ် ရောက်ရှိခဲ့သည့် လေးသင်းအား နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဖူဆယ်ပြိုင်ပွဲတစ်ခုတည်းသာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်နေသည့် အာရှဖလားခြေစစ်ပွဲမှာ ၂၀၁၉ ခုနှစ်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။