ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၁)

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၃၁)
Published 26 October 2017

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက် The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award) ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘဝဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့် First Eleven Sports Journal များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports Facebook ပရိသတ်များ ဖတ်ရှုနိုင်ရန် ဆက်လက်ဖော်ပြလိုက်ပါသည်။

written by: မြတ်ထွဋ်

■ လာခြင်းကောင်းတဲ့ ၂၀၁၄

၂၀၁၄ ခုနှစ်ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ရလဒ်ကောင်းတယ်လို့ မဆိုသာပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စီရော်နယ်လ်ဒိုအတွက်ကတော့ အကောင်းဆုံးအရာတွေ စုပြုံရောက်ရှိလာတဲ့ နှစ်တစ်နှစ်လို့ဆိုနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ (၁၂)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကျော့ပြန်လည်ရရှိခဲ့ရုံမက စပိန်ဘုရင့်ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ၂၀၁၄ ခုနှစ်အတွင်း ရယူနိုင်ခဲ့ပါတယ်။ ဒီလိုတစ်နှစ်အတွင်း အဓိကဆုဖလား(၄)လုံး ဆွတ်ခူးတာဟာ သက်တမ်း (၁၁၂)နှစ်ရှိပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြအန်ဆယ်လော့တီရဲ့ ဒုတိယရာသီဖြစ်တဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီအစမှာပဲ ဥရောပစူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာလီဂါပြိုင်ဘက် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းကို (၂-ဝ) ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး (၂)ဂိုးစလုံးကို စီရော်နယ်လ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ အဲဒီပွဲမှာ စီရော်နယ်လ်ဒိုဟာ Man of the Match ဆုကိုရရှိခဲ့ပါသေးတယ်။ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး (၃၁)ဂိုးသွင်းယူခဲ့တာကြောင့် လာလီဂါဂိုးသွင်းအများဆုံးကစားသမားဆု (ပီချီချီ ဆု)ကိုရယူနိုင်ခဲ့သလို၊ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု (ESMဆု)ကိုလည်း လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်နဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ဒါ့အပြင် နှစ်ကုန်ပိုင်းမှာ၂၀၁၄ခုနှစ်အတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆု (UEFA Best Player in Europe) ကိုလည်းဆွတ်ခူးရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ရာသီကြိုစပိန်စူပါဖလားပြိုင်ပွဲမှာတော့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ပထမအကျော့အိမ်ကွင်းမှာ (၁-၁)ဂိုးသရေ၊ ဒုတိယအကျော့အဝေးကွင်းမှာ (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။ ၂၀၁၄-၁၅ နွေရာသီကာလအတွင်းမှာ နည်းပြအန်ဆယ်လော့တီဟာ ကစားသမားအပြောင်းအလဲ အတော်များများပြုလုပ်ခဲ့ပြီး တူရကီကွင်းလယ်လူဆာဟင်က အသင်းဟောင်းဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့သလို၊ စပိန်တိုက်စစ်မှူးမိုရာတာကလည်း ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသင်းရဲ့ အဓိကကွင်းလယ်လူ ဇာဘီအလွန်ဆိုက ဘိုင်ယန်မြူးနစ်၊ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာက မန်ယူအသင်းကိုရောက်ရှိသွားပါတယ်။ အသင်းကိုရောက်လာသူတွေကတော့ ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်၊ မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်၊ ကိုလံဘီယာတောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ကော်စတာရီကာ ဂိုးသမား နာဗတ်စ်အစရှိသူတို့ပဲဖြစ်ပါတယ်။ သြဂုတ်လအတွင်း ရီးယဲလ်ဆိုစီဒက်ကို (၂-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ စီရော်နယ်လ်ဒိုဟာအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီးဝေဖန်ပြောကြားခဲ့ပါတယ်။ "ကျွန်တော်သာအသင်းကို ကိုင်တွယ်အုပ်ချုပ်သူတစ်ဦးဆိုရင် ဒီလိုအပြောင်းအရွှေ့တွေပြုလုပ်မှာမဟုတ်ပါဘူး။ လူတိုင်းတစ်ဦးနဲ့တစ်ဦး အမြင်ချင်းတော့မတူဘူးပေါ့" လို့စီရော်နယ်လ်ဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၄ ခုနှစ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် နည်းပြအန်ဆယ်လော့တီရယူပေးခဲ့တဲ့ ဆုဖလားတွေက အထင်ကြီးလေးစားစရာ ဖြစ်ခဲ့သလို၊ စီရော်နယ်လ်ဒိုအနေနဲ့လည်း ရီးယဲလ်မှာကစားခဲ့တဲ့ (၅)နှစ်အတွင်း ဆုဖလားအစုံအလင်ရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

■၂၀၁၄ ကမ္ဘာ့အကောင်းဆုံးဆု
၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲအခမ်းအနားကို ဖီဖာရုံးချုပ်တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းက အောင်မြင်မှုများစွာရယူနိုင်ခဲ့သလို၊ စီရော်နယ်လ်ဒိုကလည်း တစ်ဦးချင်းအောင်မြင်မှု၊ ဆုတံဆိပ်များစွာရယူနိုင်ခဲ့လို့ ၂၀၁၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် စီရော်နယ်လ်ဒိုဟာ ပွဲမတိုင်ခင်ကတည်းက ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ပလာတီနီက ၂၀၁၄ ခုနှစ်အတွက်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရှိသူဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီလက်ရွေးစင်အသင်းက ကစားသမားတစ်ဦးဦးသာဖြစ်သင့်တယ်လို့ ပြောဆိုခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက ပလာတီနီရဲ့ ပြောစကားကို အတိအလင်းတုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ရီးယဲလ်အသင်းရဲ့ သမိုင်းမှာ သူတို့ရဲ့ကစား သမားတစ်ဦးအတွက် ဥရောပဘောလုံးလောက ထိပ်တန်းတာဝန်ရှိသူတစ်ဦးနဲ့ ပထမဆုံးအငြင်းပွားမှုလည်းဖြစ်ပါတယ်။ ကလပ်အသင်း ဝက်ဘ်ဆိုက်မှာ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စီရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ဘာကြောင့်ထိုက်တန်တယ်ဆိုတာ ထည့်သွင်းဖော်ပြခဲ့သလို၊ ပလာတီနီရဲ့ ဆုပေးပွဲအကြိုထင်ကြေးစကားအတွက်လည်း ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ပါတယ်။

ဇူးရစ်မှာကျင်းပတဲ့ဆုပေးပွဲကို စီရော်နယ်လ်ဒိုဟာ သူ့ရဲ့သားဖြစ်သူအပါအဝင်မိသားစုနဲ့ အတူတက်ရောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဆုပေးပွဲနဲ့ မတူတာက သူ့ရဲ့ရုရှားလူမျိုးချစ်သူ အိုင်ရီနာရှက်ခ် မပါဝင်ခဲ့တာပါပဲ။ အိုင်ရီနာရှက်ခ်ဟာ သူမရဲ့မွေးနေ့ပွဲကျင်းပဖို့ရှိတာကြောင့် ဒီဆုပေးပွဲကို တက်ရောက်ခြင်းမပြုတာလို့ သူမရဲ့ မန်နေဂျာက မီဒီယာတွေကို အကြောင်းပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီရောက်ရှိလာရာမှာတော့ ဇူးရစ်မြို့ရောက်ပရိသတ်တချို့က "ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒို" ဆိုပြီးလှောင်ပြောင်ခဲ့ကြပါတယ်။ အရင်က စီရော်နယ်လ်ဒိုကို ပြိုင်ဘက်ပရိသတ်တချို့က "မက်ဆီ၊ မက်ဆီ" လို့ အော်ဟစ်လှောင်ပြောင်ခဲ့သလို၊ အခုအချိန်မှာတော့ မက်ဆီကပြန်ပြီးလှောင်ပြောင်ခံခဲ့ရတာပါ။ ဒါပေမဲ့ ဒီဆုပေးပွဲမှာ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံမှုကိုတွေ့ခဲ့ရပြီး ဆုပေးပွဲမတိုင်ခင် စီရော်နယ်လ်ဒိုဟာ သူ့သား ခရစ္စတီယာနိုဂျူနီယာကို မက်ဆီနဲ့ပေးတွေ့ခဲ့ပါတယ်။ ဂျူနီယာလေးဟာမက်ဆီရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး မက်ဆီအကြောင်း မကြာခဏပြောလေ့ရှိတယ်လို့ စီရော်နယ်လ်ဒိုက မက်ဆီကိုအသိပေးခဲ့ပါတယ်။

■ ဆုပေးပွဲက ဟိန်းဟောက်သံ
ဆုပေးပွဲမှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက အကောင်းဆုံးဆုရရှိသူအမည်ကို စာအိတ်ဖွင့်ဖောက်ကြေညာပေးခဲ့ပြီး ဆုပေးပွဲစင်ပေါ်မှာ စီရော်နယ်လ်ဒိုဟာ သူ့ရင်ထဲကစကားတစ်ခုကို မထင်မှတ်ဘဲ လွှတ်ကနဲထွက်သွားခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (၄)ကြိမ်ရထားတဲ့ မက်ဆီကို လိုက်မီအောင်ကြိုးစားသွားမယ်လို့ ပြောလိုက်တာပါပဲ။ မန်ယူမှာကစားစဉ် ၂၀၀၈ ခုနှစ်မှာ စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပထမဆုံးရယူနိုင်ခဲ့ပြီး၊ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ မက်ဆီက (၄)နှစ်ဆက် ရယူခဲ့ပါတယ်။ အဲဒီနောက် စီရော်နယ်လ်ဒိုဟာ ၂၀၁၃နဲ့ ၂၀၁၄ ခုနှစ်တွေမှာ (၂)နှစ်ဆက် ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ (၃)ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လက်ခံရယူအပြီးမှာ စီရော်နယ်လ်ဒိုဟာ ဘယ်သူမှမလုပ်ဖူးတဲ့ ထူးခြားတဲ့ လုပ်ရပ်တစ်ခုကို စင်ပေါ်မှာပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ အွန်နရီ၊ ဖီဖာဥက္ကဋ္ဌဘလတ္တာတို့ရဲ့ကြားမှာ ရပ်နေရာကနေ ကမ္ဘာ့အကောင်းဆုံးဆုကို ရှေ့မှာထားပြီး လက်သီးနှစ်ဖက်ဆုပ်ကာ သားရဲတိရိစ္ဆာန်တစ်ကောင်ဟိန်းဟောက်သလို အော်ဟစ်လိုက်တာပါပဲ။ ဒါပေမဲ့ ထွက်လာတဲ့အသံက ကျားတစ်ကောင်၊ ခြင်္သေ့တစ်ကောင်ဟိန်းဟောက်သလို "ဝေါင်း" ဆိုတဲ့အသံမျိုးမဟုတ်ဘဲ "စီး . . ." (Siiiiii) ဆိုတဲ့ အံ့အားသင့်ဖွယ်ရာ အသံတစ်ခုဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုစင်ပေါ်မှာ ဟိန်းဟောက်ခဲ့တာဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုနဲ့ သူ့ကို မထိုက်တန်ဘူးလို့ အရိပ်အမြွက်ပြောခဲ့တဲ့ UEFA ဥက္ကဋ္ဌ ပလာတီနီကို တုံ့ပြန်တာဖြစ်တယ်လို့ စပိန်မီဒီယာတချို့က ကောက်ချက်ချကြပါတယ်။

■ အချစ်ရေးအဆုံးသတ်ချိန်
အဲဒီဆုပေးပွဲကို သူ့ရဲ့ချစ်သူ အိုင်ရီနာရှက်ခ် မတက်ရောက်ခဲ့တာကြောင့် သူတို့(၂)ဦးရဲ့ အချစ်ရေးအဆုံးသတ်ချိန်ရောက်ပြီဆိုတဲ့ ထင်ကြေးသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဆုပေးပွဲအပြီး ရက်ပိုင်းအကြာမှာပဲ စီရော်နယ်လ်ဒိုဟာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး သူနဲ့အိုင်ရီနာရှက်ခ်တို့ရဲ့ လက်တွဲမှုဟာ (၅)နှစ်အကြာမှာပြီးဆုံးသွားပြီလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဘက်က စတင်လမ်းခွဲသယောင် ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ်ကတော့ အိုင်ရီနာရှက်ခ်က သူ့ကိုထားရစ်ခဲ့တာလို့ အတွင်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။သူတို့လမ်းမခွဲမီလအနည်းငယ်အလိုမှာ နှစ်ဦးကြားသူစိမ်းပြင်ပြင်ဖြစ်လာတဲ့ အခြေအနေတွေကိုလည်း သတင်းသမားတွေ တွေ့ခဲ့ရပါတယ်။ အိုင်ရီနာရှက်ခ်က စီရော်နယ်လ်ဒိုရှိရာမက်ဒရစ်မြို့ကိုရောက်ရှိလာချိန်မှာ စီရော်နယ်လ်ဒိုက သူ့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့သာပျော်မြူးနေပြီး သူမကတော့ ဟိုတယ်မှာပဲ အချိန်ဖြုန်းခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။ အိုင်ရီနာရှက်ခ်ရဲ့ မန်နေဂျာကတော့ သူတို့ရဲ့လမ်းခွဲမှုဟာ စီရော်နယ်လ်ဒိုရဲ့ မိခင် ဒိုလိုရက်စ်ရဲ့စနက်ကြောင့်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အိုင်ရီနာရှက်ခ်အနေနဲ့ ဒိုလိုရက်စ်ရဲ့အသက် (၆၀)ပြည့်မွေးနေ့ပါတီပွဲကို မတက်ရောက်ခဲ့တာကြောင့် သမီးယောက္ခမ အလောင်းအလျာ (၂)ဦးကြားတင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ အစ်မ(၂)ဦးနဲ့ သူမအဆင်မပြေဘူးဆိုတဲ့ ထင်ကြေးသတင်းတွေလည်းရှိခဲ့ပါတယ်။ သူတို့ (၂)ဦးလမ်းခွဲချိန်မှာ စီရော်နယ်လ်ဒိုက ဘာခံစားမှုမှမရှိသယောင်နေပြခဲ့ပေမယ့် သူ့ရဲ့အစ်မအယ်လ်မာကတော့ အိုင်ရီနာရှက်ခ်လမ်းခွဲသွားချိန်မှာ စီရော်နယ်လ်ဒိုဟာ အတော့်ကိုခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲမှာ "စီး . . ." (Siiiiii)လို့ အော်ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့လုပ်ရပ်ဟာ ပြိုင်ဘက်ပရိသတ်တချို့ သူ့ကိုလှောင်ပြောင်စရာအကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ လာလီဂါပွဲစဉ်တချို့မှာ စီရော်နယ်လ်ဒိုကို ပရိသတ်တွေက "စီး . . ." (Siiiiii)လို့ အော်ဟစ်ကာလှောင်ပြောင်ခဲ့ကြပါတယ်။ ရီးယဲလ်နဲ့ ကော်ဒိုဘာတို့ကစားခဲ့တဲ့ပွဲစဉ်မှာ စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်နောက်ခံလူ အိန်ဂျယ်ခရက်စပိုရဲ့ မျက်နှာကိုလက်နဲ့ရိုက်ခဲ့ပြီး အခြားနောက်ခံလူ အီဒီမာကိုခြေထောက်နဲ့ကန်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ အိမ်ကွင်းမှာ စီရော်နယ်လ်ဒိုရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကြောင့် ရီးယဲလ်ပရိသတ်တွေကိုယ်တိုင်က သူ့ကို "စီး . . ." (Siiiiii)လို့ အော်ဟစ်ပြီးလှောင်ပြောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် သူကျူးလွန်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားတွေကို ပြန်ပြီးတောင်းပန်ခဲ့ပါတယ် . . .

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent