ဂူဒီဆင်ပတ်မှာ အဲဗာတန်ကို ခြေစွမ်းပြပြီး ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်

ဂူဒီဆင်ပတ်မှာ အဲဗာတန်ကို ခြေစွမ်းပြပြီး ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အာဆင်နယ်
Published 23 October 2017

ပရီးမီးယားလိဂ်ပွဲစဉ်(၉) တနင်္ဂနွေနေ့ပွဲတွေမှာ ပွဲကောင်းတစ်ပွဲဖြစ်တဲ့
အဲဗာတန်-အာဆင်နယ်ပွဲမှာတော့ အာဆင်နယ်အသင်းက တိုက်စစ်
အစွမ်းပြပြီး (၅-၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ပြိုင်ပွဲစုံ
နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ ဖိအား ဒဏ်တွေနဲ့ ရင်ဆိုင်နေ
ရတဲ့ အဲဗာတန်အသင်းနည်းပြကိုးမန်းအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်း
ဖို့အတွက် ရွန်နီ၊ ကလာဗတ်လေဝန်၊ ဆီဂတ်ဆန်၊ ဗလာဆစ်၊ လေတန်ဘိန်းစ်
စတဲ့ကစားသမားအစုံအလင် ထည့်သွင်းခဲ့ပေမယ့် ရလဒ်ဆိုးနဲ့ ထပ်မံရင်ဆိုင်
ခဲ့ရလို့ ရာထူးက ထုတ်ပယ်ခံရဖို့ ပိုမိုနီးစပ်သွားခဲ့တယ်။

ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဖို့ဒ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံပြေး
လမ်းပေါ်က စောစောစီးစီထွက်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်
နည်းပြအာစင်ဝင်းဂါးအတွက်တော့ စိတ်သက်သာရာရစေခဲ့တယ်လို့ ဆိုရမှာပါ။
ပွဲအစကတည်းက အာဆင်နယ်အသင်းဟာ တိုက်စစ်ဆင်ကစားခဲ့ပြီး အဲဗာတန်ဂိုး
သမား ပစ်ဖို့ဒ် ကာကွယ်မှုတွေပြုလုပ်ခဲ့ရတယ်။ ဒါပေမဲ့ အဲဗာတန်က အဖွင့်ဂိုးရခဲ့ပြီး
(၁၂)မိနစ်မှာ ရွန်နီက လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုးရခဲ့တဲ့နောက်
ပိုင်း အဲဗာတန်အသင်းရဲ့ကစားပုံက ဆိုးရွားခဲ့ပြီး အာဆင်နယ်က ပိုမိုဖိကစားခဲ့တယ်။

အာဆင်နယ်အသင်းရဲ့ ချေပဂိုးကို မိနစ်(၄၀)မှာ ပစ်ဖို့ဒ် ကာကွယ်လို့ ပြန်ထွက်လာတဲ့
ဘောလုံးကို မွန်ရီယဲလ်က အပြင်းကန်သွင်းခဲ့တာပါ။ ဒုတိယပိုင်းမှာ အာဆင်နယ်ကစား
ပုံ ပိုကောင်းခဲ့ပြီး (၅၃)မိနစ်မှာ ဆန်းချက်ဇ်ရဲ့ ပေးပို့မှုကနေ အိုဇေးလ် ခေါင်းတိုက်သွင်းကာ
ဦးဆောင်ခဲ့တယ်။ အာဆင်နယ်အသင်းရဲ့ ကျန်ဂိုးတွေကိုတော့ လာကာဇက်၊ ရမ်ဆေး၊ ဆန်း
ချက်ဇ်တို့က သွင်းယူခဲ့ပြီး အခုပွဲမှာ လာကာဇက်၊ အိုဇေးလ်၊ ဆန်းချက်ဇ်တို့ ဂိုးသွင်းနိုင်ခဲ့တဲ့
အတွက် နည်းပြအာစင်ဝင်းဂါးအတွက် စိတ်ကျေနပ်စရာပါပဲ။ အဲဗာတန်အသင်းအတွက်
ဒုတိယမြောက်ချေပဂိုးကို ပထမပိုင်းကတည်းက အမှားလုပ်နေတဲ့ ပီတာချက်ရဲ့ အမှားကနေ
နီယာဆေးက (၉၃)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုပွဲရှုံးခဲ့တဲ့ အဲဗာတန်အသင်းက
တော့ တန်းဆင်းဇုန်ထဲရောက်သွားပါပြီ။