ဒီယေဂိုကော်စတာကို အက်သလက်တီကိုထံ ချယ်လ်ဆီး ရောင်းချတော့မည်

ဒီယေဂိုကော်စတာကို အက်သလက်တီကိုထံ ချယ်လ်ဆီး ရောင်းချတော့မည်
Published 13 September 2017

 

ချယ်လ်ဆီးအသင်းသည် စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းထံ ယခုတစ်ပတ်အတွင်း ရောင်းချတော့မည်ဟု ဗြိတိန်သတင်းစာ Daily Star က ဖော်ပြခဲ့သည်။

ဒီယေဂိုကော်စတာမှာ ချယ်လ်ဆီးအသင်း၏ပရီးမီးယားလိဂ်လူစာရင်းတွင် ထည့်သွင်းခြင်းခံရသော်လည်း ၎င်းက အသင်းသို့ပြန်လာရန် ငြင်းဆန်ခဲ့ပြီး နည်းပြ ကွန်တီ၏လက်အောက်တွင် မကစားလိုတော့ခြင်းကြောင့် ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စပိန်သတင်းစာ Marca ၏ရေးသားမှုအရ ဒီယေဂိုကော်စတာ၏ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့်အက်သလက်တီကိုအသင်းအကြား အပြီးသတ်သဘောတူညီမှုရရှိပြီးဖြစ်ပြီး ပေါင် ၅၄ သန်းခန့် ပေးချေရဖွယ်ရှိနေသည်။

Photo: DailyStar

ဒီယေဂိုကော်စတာသည် သူ၏မိသားစုကို မက်ဒရစ်မြို့သို့ ပြီးခဲ့သည့်အပတ်က ပြန်လည်ပြောင်းရွှေစေခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ၎င်းအနေဖြင့် လေးနှစ်ကြာကစားခဲ့ဖူးသည့် အသင်းဟောင်း အက်သလက်တီကိုနှင့် လာမည့်ဇန်နဝါရီတွင်မှ တရားဝင်ပွဲကစားခွင့်ရရှိမည် ဖြစ်သည်။