မြန်မာ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးများ ကုလသမဂ္ဂရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ သဘောတူညီချက်သုံးချက် ရရှိ

မြန်မာ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးများ ကုလသမဂ္ဂရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ သဘောတူညီချက်သုံးချက် ရရှိ
Published 30 September 2018

 

မြန်မာ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အစိုးရအဖွဲ့ဝန်ကြီးများ ပါဝင်သည့် တရားဝင် မဟုတ်သော တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို စက်တင်ဘာ ၂၇ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်ခဲ့ပြီး ရခိုင်ကိစ္စနှင့် ပတ်သက်၍ သဘောတူညီချက် သုံးချက်ကို ရရှိခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှု၌ ပါဝင်သူများမှာ တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၊ မြန်မာနိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူဟက်ဆန်မာမွတ်အလီတို့ ဖြစ်ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ကိုလည်း ဖိတ်ကြားခဲ့သည်။

ဇွန်လက ပေကျင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဝန်ကြီးသုံးဦး ပါဝင်သည့် တရားဝင် မဟုတ်သော အစောပိုင်း တွေ့ဆုံမှုက ရခိုင်အရေးကိစ္စအား စနစ်တကျ ဖြေရှင်းနိုင်ရေးနှင့် ပတ်သက်၍ အချက်လေးရပ် ပါဝင်သော သဘောတူညီချက် တစ်ရပ်ကို ချမှတ်နိုင်ခဲ့သည်ဟု ဝမ်ယီက ပြောကြားခဲ့သည်။

ရခိုင်အရေးကိစ္စ၌ ရှုပ်ထွေးသော သမိုင်းကြောင်းတစ်ရပ် ပါဝင်ပြီး ယင်းနှင့်ပတ်သက်၍ စနစ်တကျ ဖြေရှင်းခြင်းသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ဗဟိုအကျိုးစီးပွားဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကျိုးအတွက်လည်း ဖြစ်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

ရခိုင်အရေးသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ပါဝင်နေသည့် အလွန်အရေးကြီးသည့် အကြောင်းအရာ တစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံသည် ပြဿနာအား ရှုပ်ထွေးပြီး မြင့်တက်လာစေမည့် လမ်းကြောင်းသို့ ဦးတည်သွားစေသည့် သို့မဟုတ် ပို၍နိုင်ငံတကာအရေး ဆန်လာအောင် ပြုလုပ်သည့် ချဉ်းကပ်မှုများအား ထောက်ခံသွားမည် မဟုတ်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အနေဖြင့် ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ညှိနှိုင်းမှုများမှတစ်ဆင့်နှင့် တစ်ဦးနှင့်တစ်ဦး ပိုမိုနီးကပ်သော ရပ်တည်ချက် ရှိလာအောင် အားထုတ်မှုများ ပြုလုပ်ခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများအား ရှာဖွေမည်ဟု တရုတ်နိုင်ငံက မျှော်လင့်မိကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

ဝမ်ယီက ဦးစားပေးလုပ်ငန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် လူများအား ပထမဆုံးအဖြစ် ပြန်လည်လက်ခံရေး အောင်မြင်ရန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ဆက်သွယ်ဆောင်ရွက်ရေးနှင့် တိုင်ပင်ညှိနှိုင်းရေးကို အထောက်အကူပြုရန် ဆက်လက်ကူညီသွားရန် ဆန္ဒရှိကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရခိုင်အရေးကို ဖြေရှင်းရာတွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ၎င်းအနေဖြင့် အပြုသဘောဆောင်သည့် အခမ်းကဏ္ဍတစ်ရပ်ကို ရှုမြင်ထားကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂအင်စတီ ကျူးရှင်းများနှင့် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်တို့၏ အားထုတ်မှုများအား အထင်ကြီးကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် ချစ်ကြည်ရင်းနှီးခြင်း၊ ပွင့်လင်းခြင်းနှင့် အပြုသဘောဆောင်ခြင်းတို့ ရှိခဲ့ပြီး သဘောတူညီချက် သုံးရပ်ကိုလည်း ရရှိခဲ့သည် ဟုဆိုသည်။

ရခိုင်အရေးကို ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ညှိနှိုင်းခြင်းမှတစ်ဆင့် ဖြေရှင်းသင့်သည်ဟူသည့် အချက်အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့က သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ပထမဆုံး လူအုပ်စုကို ဘင်္ဂလားဒေ့ရှ်က ပြန်လည်လွှဲပြောင်းပေးရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက ၎င်းတို့အား ပြန်လည်လက်ခံရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ပြန်လည်လက်ခံရေးအတွက် လမ်းပြမြေပုံနှင့် အချိန်ဇယားတစ်ရပ် ရေးဆွဲရန်နှင့် ပထမဆုံး ပြန်လည်လက်ခံမှုကို ဖြစ်နိုင်သမျှ အစောဆုံး အောင်မြင်အောင် ဆောင်ရွက်ရန် တို့အတွက် ဖြစ်နိုင်သမျှ အမြန်ဆုံး ပူးတွဲအလုပ်အဖွဲ့ အစည်းအဝေး ကျင်းပရန် သဘောတူခဲ့ကြသည်။

Ref : Xinhua