NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ထံမှ အကြောင်းကြားစာ တစ်စောင် ရောက်ရှိလာကြောင်းနှင့် ထိုစာအား ပေးသင့်ပေးထိုက်သူထံ ပေးပို့ထားကြောင်း ဒေါက်တာမျိုးညွန့် ပြောကြား

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ထံမှ အကြောင်းကြားစာ တစ်စောင် ရောက်ရှိလာကြောင်းနှင့် ထိုစာအား ပေးသင့်ပေးထိုက်သူထံ ပေးပို့ထားကြောင်း ဒေါက်တာမျိုးညွန့် ပြောကြား
Published 17 March 2018

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ထံမှ အကြောင်းကြားစာ တစ်စောင် ရောက်ရှိလာကြောင်းနှင့်  အဆိုပါအကြောင်းကြားစာအား ပေးသင့်ပေးထိုက်သူထံ ပေးပို့ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်က “နုတ်ထွက်တယ်ဆိုတဲ့ စာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ စာတစ်စောင်ပေါ့လေ ရောက်လာတယ်။ အဲဒါကို ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့တွေက ပြန်လည် လုပ်ဆောင်မယ်၊ မဆောင်ဘူးဆိုတာ ကျွန်တော်တို့က ဆုံးဖြတ်ချက်ပေးရမယ်။ ဆိုတော့ ကျွန်တော်တို့က ဒီလိုတော့ ဆုံးဖြတ်ချက်ပေးလို့ မရဘူး။ ဆုံးဖြတ်ပါဆိုပြီး လာလိုက်တာတော့ တစ်မျိုးပေါ့။ ဆိုတော့ ဒီဟာနဲ့ပတ်သက်လို့ ပေးသင့်ပေးထိုက်တဲ့သူဆီ ကျွန်တော်တို့ပေးထားတာပေါ့။ အကြောင်းပြန်လာတဲ့အခါမှာ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က  သေချာပေါက် ပြန်ဆုံးဖြတ်ချက်ချရမှာပေါ့။ အဲဒါပဲပြောလို့ရဦးမယ်” ဟု ပြောကြားသည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နုတ်ထွက်စာတင်ထားပြီး အဆိုပါနုတ်ထွက်စာအား ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ လျက်ရှိသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ “အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်သည် သြစတြေးလျနိုင်ငံသို့ရောက်ရှိပြီးနောက် ပါတီတာဝန်များကို မထမ်းဆောင်နိုင်တော့၍ တာဝန်မှ ရပ်နားခွင့်ပြုရန် NLD ပါတီသို့ပေးပို့သည့်စာအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက မတ် ၁၆ ရက် မြန်မာတိုင်းမ်နေ့စဉ်နှင့် သီးသန့်တွေ့ဆုံ စဉ်ပြောဆိုသည်” ဟု မြန်မာတိုင်းနေ့စဉ်၏ အွန်လိုင်းဖေ့စ်ဘွတ်စာမျက်နှာတွင် မတ် ၁၆ ရက်နေ့လယ်ပိုင်းက သတင်းဖော်ပြခဲ့သည်။

ယင်းကိစ္စအား ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းထံ ဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

သို့ဖြစ်၍ NLD ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းရာ  နုတ်ထွက်စာတင်ပြထားခြင်း ရှိ မရှိကိုပင် မသိရှိကြကြောင်း ပြန်လည်ဖြေကြားကြသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးက “ထွက်စာတင်တယ်လို့ ဘယ်သူက ပြောတာလဲ။ မဟုတ်ပါဘူးဗျ။ စောင့်ကြည့်လိုက်ပါဦး။ ကျွန်တော်ကတော့ မသိရသေးဘူး။ ကျွန်တော်က ခွင့်ယူထားတာ မို့လို့ပါ” ဟု ပြန်လည်ဖြေကြားသည်။

ထို့အတူ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကလည်း  “ဒီ ကိစ္စကတော့ အန်တီမသိဘူး။ သူတို့ဘယ်လိုလဲ ထင်ကြေးတွေ ပေးနေကြတာလား မသိဘူး။ သတင်းတွေတော့ပျံ့နေတယ်။ ထွက်စာတင်ထားတာတော့ မရှိသေးဘူး။ မရှိသေးဘူးဆိုတာ အန်တီတို့တော့ မသိရသေးဘူးပြောတာ။ ဒီတစ်ပတ် အစည်းအဝေးကျရင်တော့ သိရမလား မသိဘူး” ဟု ပြန်လည်ဖြေကြားသည်။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း “ကျွန်တော်တို့လည်း ထွက်စာတင်ထားတယ်လို့ သတင်းကို အွန်လိုင်းမှာပျံ့နေတဲ့အတိုင်း ကြားတာပါပဲ။ ဒါပေမဲ့ ဒီစာက ကျွန်တော်တော့ မသိရဘူးလေ။ ဘာကြောင့်မသိရလဲဆိုတော့ ဒါလည်း သဘာဝကျပါတယ်။ ဘာလို့ဆိုသူက CEC ကို တင်တာဆိုတော့ CEC အစည်းအဝေးတို့ ဘာတို့မှာမှ ဆုံးဖြတ်ပေးကြတာကိုး။ သို့တည်းမဟုတ် CEC ဆုံးဖြတ်မပေးနိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ပါတီဥက္ကဋ္ဌကို ဆုံးဖြတ်ပေးခိုင်းမှာပေါ့။ အဲဒီလိုတွေရှိတယ်လို့တော့ ကျွန်တော်ကြားပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်မသိနိုင်ဘူး” ဟု ပြန်လည် ဖြေကြားသည်။

Most Read

Most Recent