တနင်္သာရီတိုင်းဒေသကြီးရှိ ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြောင့် ဒေသခံများ ထိခိုက်မှု ရှိနေကြောင်း တိုင်ကြားစာနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စတင်ကြားနာစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးရှိ ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြောင့် ဒေသခံများ ထိခိုက်မှု ရှိနေကြောင်း တိုင်ကြားစာနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စတင်ကြားနာစစ်ဆေး
Published 14 September 2017

ဘန်းချောင်း ကျောက်မီးသွေးမိုင်းတွင် လုပ်ငန်းခွင် ဝင်နေကြသည်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီက တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကြောင့် ဒေသခံများ ထိခိုက်မှုရှိနေသဖြင့် ဒေသခံများ လက်မှတ်ရေးထိုး တိုင်ကြားထားမှုကို ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၁ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်က ဘန်းချောင်းဒေသရှိ ဘန်းချောင်း ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပြီး လေနှင့်ရေထု ညစ်ညမ်းမှု၊ ဒေသခံများ၏ စားဝတ်နေရေး ထိခိုက်မှု၊ စိုက်ပျိုးမြေများ မတရား သိမ်းယူမှုများနှင့် အခြားသော ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် ယင်းကျောက်မီးသွေး သတ္တုတွင်းနှင့် ပါဝင်ပတ်သက်လျက်ရှိသည့် ထိုင်းနိုင်ငံမှ ပိုင်ဆိုင်သော ကုမ္ပဏီ သုံးခုဖြစ်သည့် Energy Earth PCL၊ East Star Company နှင့် Thai Asset Mining Company တို့အပြင် ဘန်းချောင်းဒေသရှိ မြေဧက ၂၁၀၀ ပေါ်၌ ကျောက်မီးသွေး တူးဖော်ရန် လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာနိုင်ငံ အခြေစိုက် မေဖလားဝါး ကုမ္ပဏီတို့၏ လုပ်ငန်းလည်ပတ်နေမှုများကို လာရောက်စစ်ဆေးပေးရန် ဘန်းချောင်းဒေသခံ ၁၃၀ ကျော် လက်မှတ်ရေးထိုး၍ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ စာပေးပို့ တိုင်ကြားခဲ့ခြင်းကြောင့် တိုင်ကြားသူ ဒေသခံနှင့် တိုင်ကြားခံရသည့် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီ သုံးခုတို့ကို ခေါ်ယူကာ စတင်ကြားနာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဘန်းချောင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံ ၁၃၀ ကျော် လက်မှတ်ရေးထိုးပြီးတော့ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဆီကို ဇွန် ၂၀ ရက်က တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့တယ်။ အဲဒီကိစ္စကို သူတို့က စတင်စုံစမ်း စစ်ဆေးတဲ့ အနေနဲ့စက်တင်ဘာ ၁၁ ရက်မှာ  တိုင်ကြားစာပို့တဲ့ ဒေသခံရွာသားတွေရော၊ စီမံကိန်းမှာ လုပ်နေတဲ့ ထိုင်းကုမ္ပဏီတွေကိုပါခေါ်ပြီး စတင်ကြားနာ စစ်ဆေးပါတယ်။ ဘန်ကောက်မှာရှိတဲ့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ဘန်းချောင်းစီမံကိန်းပြဿနာ တင်ပြမယ့် ရွာသားနှစ်ဦးနဲ့ကုမ္ပဏီသုံးခု ဖြစ်တဲ့ Thai Asset Mining၊ East Star နဲ့ကျောက်မီးသွေးဝယ်ယူနေတဲ့ Energy Earth PCL ကုမ္ပဏီတို့က ကိုယ်စားလှယ်တွေ တက်တယ်။ အခုကတော့ စုံစမ်းစစ်ဆေးမှု စတဲ့သဘောပေါ့။ ပြီးရင်စီမံကိန်းရှိတဲ့နေရာဆီ မြေပြင်ကွင်းဆင်းကြဦးမှာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်နဲ့ပူးပေါင်းပြီး ကွင်းဆင်းသွားဖို့ ရှိတယ်လို့ သိရတယ်။ ပြီးရင်တော့ ထိုင်းအစိုးရဆီ အစီရင်ခံစာ ပြန်ထုတ်ပေးရမှာပါ” ဟု ဘန်းချောင်း ကျောက်မီးသွေး စီမံကိန်း အရေးအတွက် ဒေသခံများဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် တာကပေါ လူငယ်အဖွဲ့မှ အကြံပေးဖြစ်သူ နော်ပီသလောက ပြောကြားသည်။

ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာ လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ကာ ကမ္ဘာပေါ်တွင် အနည်းငယ်သာရှိသော မိမိနိုင်ငံအတွင်း မှတ်ပုံတင်ထားပြီး နိုင်ငံရပ်ခြား တိုင်းပြည်များတွင် စီးပွားရေး သွားရောက် လုပ်ကိုင်သည့် ကုမ္ပဏီများ၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်သည့် လူ့အခွင့်အရေး ကော်မရှင်များအနက် တစ်ခုဖြစ်ကြောင်း၊ ၎င်းကော်မရှင်အနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီများမှ ထားဝယ်ဒေသအတွင်း လာရောက် အကောင်အထည် ဖော်နေသည့် စီမံကိန်းများဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဟိန္ဒားသတ္တုမိုင်း စီမံကိန်းတို့တွင် စီမံကိန်း လုပ်ဆောင်ရာ၌ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း တိုင်ကြားမှုများကြောင့် ထားဝယ်ဒေသသို့ လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်ဟု သိရသည်။

လက်ရှိတွင် ဘန်းချောင်းကျောက်မီးသွေးမိုင်းမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာယီလုပ်ငန်း ရပ်ဆိုင်းခိုင်းထားသောကြောင့် ရပ်နားထားသော်လည်း စွန့်ပစ်မြေစာပုံမှ မီးလောင်ကျွမ်းကာ အငွေ့များ ထွက်ရှိနေသောကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားနေရကြောင်း၊ ပြီးခဲ့သည့်လများ အတွင်းက နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး အချို့နှင့် KNU တာဝန်ရှိသူများ လာရောက် ကွင်းဆင်းစစ်ခဲ့သည့် အချိန်က မီးလောင်နေသည့် မြေစာပုံကို မီးငြှိမ်းပေးရန်၊ စွန့်ပစ်မြေစာပုံမှ ကျဆင်းလာသောရေများမှာ အနီးရှိ ဒေသခံများ အသုံးပြုနေသော ထီးဂေးချောင်းအတွင်း စီးဝင်နေသောကြောင့် ရေလမ်းကြောင်း လွှဲပေးရန်နှင့် မြေစာဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သည့် ဒေသခံများ၏ ဥယျာဉ်များ နစ်နာမှုကို ပေးလျော်ရန် ကုမ္ပဏီအား ညွှန်ကြားထားခဲ့သော်လည်း ကုမ္ပဏီဘက်မှ သိသာသည့် ဆောင်ရွက်မှုမရှိဟု ဘန်းချောင်းဒေသခံများက ပြောကြားခဲ့သည်။