တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်အား ဆက်သွယ်မေးမြန်းခြင်း

တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်အား ဆက်သွယ်မေးမြန်းခြင်း
Published 16 July 2018

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအား ဇွန် ၂၇ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့ပြီး ဇွန် ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးသဖြင့် လက်ရှိအချိန်တွင် စည်ပင်ဥပဒေသည် အသက်ဝင်ပြီဖြစ်သည်။ အဆိုပါ ဥပဒေထဲတွင် ဒုတိယမြို့တော်ဝန်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ယခင် ၂၀၁၃ စည်ပင်ဥပဒေတွင် မပါရှိခဲ့သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ စည်ပင်ဥပဒေရေးဆွဲရာတွင် အဓိက ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်အား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြအပ်ပါသည်။

ဒုတိယမြို့တော်ဝန်က ဂုဏ်သိက္ခာအရတော့မြင့်တယ်။ ဒါပေမဲ့ မြို့တော်ဝန်ကဲ့သို့ အာဏာအပြည့်အဝမရှိဘူး။ သူ့ကိုယ်စားလုပ်နိုင်တဲ့ အတိုင်းအတာလောက်ပဲ လုပ်နိုင်မယ်လို့ထင်တယ်

■ မေး - စည်ပင်ဥပဒေကို စတင်ရေးဆွဲတဲ့အချိန် ဘယ်လောက်ကြာမြင့်ခဲ့သလဲ။

ဖြေ - စည်ပင်ဥပဒေကို ဆဋ္ဌမအကြိမ် လွှတ်တော်မှာ တင်ခဲ့တာပေါ့၊ ပထမဆုံး စပြောရရင် အစိုးရအဖွဲ့က အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ခေါင်းဆောင်ပြီး အဖွဲ့ဖွဲ့လိုက်တယ်။ သူတို့ဆွဲတာ ခြောက်လကြာတယ်။ ပြီးတော့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဦးဆောင်တယ်။ ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီးတော့ ခုနစ်ဦး ပါဝင်တဲ့ Test Force ကော်မတီဖွဲ့ လိုက်တယ်။ အဲဒီမှာလည်း နှစ်လကျော် သုံးလကြာတယ်။ ပြီးတော့ လွှတ်တော်မှာပဲ လေးလလောက် ကြာတယ်။ ဆွဲပြီးတော့ ပထမမူကြမ်းကို ပြန်ပြင်ပြီး ဒုတိယမူကြမ်းကို အစိုးရကိုတင်လိုက်တယ်။ အဲဒီကနေတစ်ဆင့် လွှတ်တော်ကို ပြန်တင်တယ်။

■ မေး - စည်ပင်ဥပဒေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကို အစိုးရကတင်သွင်းတဲ့အခါ လွှတ်တော်ဘက်ကနေပြီး ဘယ်အခန်းတွေကို ပယ်ဖျက်ခဲ့လဲ။

ဖြေ - ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်ကိုတင်သွင်းတဲ့အချိန်မှာ အခန်းနှစ်ခန်းကို ပယ်ဖျက်လိုက်တယ်။ တစ်ခန်းတိုးတယ်။ ဖျက်တဲ့နှစ်ခန်းကတော့ စည်ပင်က စီးပွားရေးလုပ်မယ်ဆိုတဲ့အခန်းကို လွှတ်တော်က သဘောမတူဘူး။ အဲဒီအခန်းကို ဖျက်လိုက်တယ်။ နောက်ဖျက်လိုက်တဲ့အခန်းက ဖွဲ့စည်းပုံမှာပါတဲ့ ဖွဲ့စည်းပုံမှာဘာပါလဲဆိုတော့ သူတို့ကအာဏာပိုင်ခေါ်တာပေါ့၊ ဦးတို့က ပြန်ပြောင်းလိုက်တယ်။ လုပ်ငန်းတာဝန်ခံအဖွဲ့ပေါ့။ အာဏာပိုင်အထက်မှာ မရှိရတော့ဘူး။ ဖွဲ့စည်းပုံက အဲဒီလို မဟုတ်ဘူး။ ကော်မတီရဲ့အောက်မှာမှ အာဏာပိုင်ကရှိတာ။ စည်ပင်သာယာကော်မတီအောက်မှာ အာဏာပိုင်ရှိတဲ့အတွက် အာဏာပိုင်ဆိုတာ မဖြစ်နိုင်ဘူး။ အာဏာပိုင်ရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူး။ ဒါမို့လို့ စည်ပင်သာယာကော်မတီ။ အဲဒီအောက်မှာ လုပ်ငန်းတာဝန်ခံအဖွဲ့။ လုပ်ငန်းတာဝန်ခံအဖွဲ့မှာ သိရသလောက်တော့ ခုနစ်ဖွဲ့ရှိတယ်။ ဌာနက သုံးဖွဲ့ရှိတယ်။ အားလုံးပေါင်း ၁၀ ဖွဲ့။ အဲဒီ ၁၀ ဖွဲ့မှာ တပ်ဖွဲ့ချင်းရဲ့ဟာတွေ ထည့်ထားတယ်။ အရင်က ၂၂ ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကို ခွဲထည့်လိုက်တယ်။ ဘယ်အဖွဲ့မှာ ဘယ်သူတွေ ပါရမယ်ဆိုတာကို ဖျက်လိုက်တယ်။ ဖျက်ရတဲ့အကြောင်းက ကန့်လိုက်တဲ့အတွက် တချို့ဟာတွေက အခွန်ဆိုရင် လုပ်ငန်းတာဝန်ခံအဖွဲ့ရဲ့ တစ်ဖွဲ့အောက်မှာ ရှိတယ်။ အခွန်ကို ဆောက်လုပ်ရေးလုပ်ငန်းအောက်မှာ ထားလိုက်တယ်ဆိုပါတော့ အခွန်က အဲဒီအောက်မှာထားရင် အဲဒီအတွက်ပဲ ကောက်လို့ရမယ်။ ဒါကြောင့်မို့လို့ ထွက်စေချင်တယ်။ စစ်ဆေးရေးအဖွဲ့ကိုလည်း ကော်မတီတစ်ခုအောက်မှာ သွားထားလိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီကိုပဲ စစ်ဆေးရမလို ဖြစ်နေတယ်။ စစ်မှာက အားလုံးကို စစ်ရမှာ။ ဒါကိုလည်း သီးခြားဖွဲ့စေချင်တယ်။ သုံးမျိုးကို ခွဲထုတ်လိုက်တယ်။ အခွန်ကောက်တဲ့အဖွဲ့၊ စစ်ဆေးရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့ကို သီးခြားဖွဲ့စေချင်တယ်။ အဲဒီအခန်းကို ဖျက်လိုက်မှ ကိုယ့်ဟာနဲ့ကိုယ် သီးခြားထုတ်လိုက်ပေါ့။ ဘာပြန်တိုးသွားလဲဆိုတော့ အခန်း ၁ ကို နိဒါန်းထားပြီးတော့ ရည်ရွယ်ချက်ကို တစ်ခန်းထားလိုက်တယ်။ နှစ်ခန်းဖျက်တယ်။ တစ်ခန်း တိုးတယ်။

■ မေး - အခုစည်ပင်ဥပဒေထဲမှာ ဒုတိယမြို့တော်ဝန် ခန့်အပ်ရမယ်ဆိုတာပါတယ်။ ဒုတိယမြို့တော် ဝန်ခန့်အပ်ပြီးသွားရင် တကယ်ရော ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာတွေ ရှိပါသလား။

ဖြေ - စည်ပင်ဥပဒေ ပုဒ်မ (၄) မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ကော်မတီဝင် ခြောက်ဦးအနက်မှ ဒုတိယမြို့တော်ဝန်ကို ကော်မတီဝင် ၁၁ ဦးက လျှို့ဝှက်မဲဆန္ဒနဲ့ ရွေးချယ်ရမည်။ ဒုတိယမြို့တော်ဝန်က ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တယ်။ ဒုတိယမြို့တော်ဝန်ရဲ့ လုပ်ပိုင်ခွင့်တွေကတော့ မြို့တော်ဝန်ကို တာဝန်ယူရမယ်။ ဥက္ကဋ္ဌက ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ရမယ်။ ကော်မတီရဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ မြို့တော်ဝန်အား အကြံဉာဏ်ပေးခြင်းနဲ့ အကူအညီပေးခြင်း၊ မိမိတာဝန်ယူသော လုပ်ငန်းများနဲ့ အခက်အခဲများ၊ ဆောင်ရွက်ချက်တွေကို မြို့တော်ဝန်ကို တင်ပြရမယ်။ မြို့တော်ဝန်က တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတဲ့အခါ ဥက္ကဋ္ဌကိုယ်စားတာဝန်ကို ယာယီထမ်းဆောင်ရမှာဖြစ်တယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ကတော့ မြို့တော်ဝန်လိုမရှိဘူး။ ပထမအချက်ကတော့ ဦးတို့လည်း ဒါနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အငြင်းပွားတယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ သူ့ကော်မတီဝင် သတ်သတ်ပဲဖြစ်တယ်။ မြို့တော်ဝန်က သမ္မတကတိုက်ရိုက်ခန့်တာ၊ မြို့တော်ဝန်က အစိုးရအဖွဲ့ဝင်၊ ဒုတိယမြို့တော်ဝန်က အစိုးရအဖွဲ့ဝင်မဟုတ်ဘူး။ သို့သော် လုပ်ငန်းတွေကိုတော့ ဥက္ကဋ္ဌကိုယ်စား လုပ်ခွင့်ရှိတယ်။ ဥက္ကဋ္ဌကပေးအပ်တဲ့တာဝန်ကို လုပ်ခွင့်ရှိတယ်။ သို့သော် ဥက္ကဋ္ဌမရှိတဲ့အခါမှာ အစိုးရအဖွဲ့ကို တက်ခွင့်မရှိဘူး။ မြို့တော်ဝန်ကဲ့သို့ ဒုတိယမြို့တော်ဝန်က လုပ်နိုင်တဲ့ အခွင့်အရေးမရှိဘူးလို့ ရိုးရိုးသားသားပဲ ပြောပါရစေ။ ဥပဒေအရပြောရင် တက်ခွင့်မရှိဘူးပေါ့။ ဒုတိယမြို့တော်ဝန်က ဂုဏ်သိက္ခာ အရတော့ မြင့်တယ်။ ဒါပေမဲ့ မြို့တော်ဝန်ကဲ့သို့ အာဏာအပြည့်အ၀ မရှိဘူး။ သူ့ကိုယ်စားလုပ်နိုင်တဲ့ အတိုင်းအတာလောက်ပဲ လုပ်နိုင်မယ်လို့ ထင်တယ်။

■ မေး - စည်ပင်ဥပဒေကထွက်သွားပြီ။ ကော်မတီဝင်ခြောက်ဦးရွေးချယ်ဖို့ ဘယ်တော့လောက် ဖြစ်နိုင်မလဲ။ ဥပဒေထွက်ပြီးသွားတဲ့အတွက် နည်းဥပဒေက ဘယ်တော့ အပြီးရေးဆွဲရမလဲ။

ဖြေ - ဥပဒေကို လွှတ်တော်မှာလုပ်နေတဲ့ ကာလမှာကြားတာကတော့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေကို လုပ်နေတယ်လို့ ကြားတယ်။ တွဲဖက်အတွင်းရေးမှူး ဦးသန်းနဲ့တွေ့တဲ့အခါကျတော့ နည်းဥပဒေကို လုပ်နေတယ်လို့ ပြောတယ်။ မပြီးသေးတဲ့ သဘောရှိတာပေါ့။ သို့သော် အပြိုင်ဆွဲနေတာကိုတော့ ကြားပြီးသား။ ရွေးကောက်ပွဲက လုပ်ရမယ့် တာဝန်ရှိတာပေါ့။ ဒီနှစ်ရွေးရင်တောင် နောက်ထပ် နှစ်နှစ်ပဲ တာဝန်ထမ်းဆောင်ရမှာ။ ဒီဇင်ဘာမှာလုပ်ဖို့ များပါတယ်။ တရားဝင်တော့ မကြားသေးဘူး။ ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ကို လုပ်ရမယ်။ မလုပ်ရင်နောက်တက်ရမယ့် သူ့လုပ်ပိုင်ခွင့်က သိပ်နည်းသွားလိမ့်မယ်။ အခုလောလောဆယ်မှာတော့ သုံးလအတွင်း လုပ်နိုင်အောင်ပြောမယ်။ နည်းဥပဒေ ရေးဆွဲပြီးရင်လည်း လွှတ်တော်ကိုတင်တော့ တင်ရမယ်။ ဒါပေမဲ့ အစိုးရအဖွဲ့က စိတ်ကြိုက်ရေးဆွဲလို့ရတယ်။ ဝေဖန်လို့မရတော့ဘူး။ လွှတ်တော်ထဲမှာ ပြင်ဆင်လို့ မရတော့ဘူး။

■ မေး - ၂၀၁၃ စည်ပင်ဥပဒေတုန်းက ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ အခု ၂၀၁၈ စည်ပင်ဥပဒေမှာ ပါတဲ့ပြစ်မှု၊ ပြစ်ဒဏ်တွေက ဘယ်လိုကွဲခြားသလဲ။

ဖြေ - ၂၀၁၃ စည်ပင်ဥပဒေမှာတော့ ပြစ်မှု၊ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ခုနစ်ခုရှိပေမယ့် အဓိကçကတော့ နှစ်ခု ပဲရှိတယ်။ အရင်ဥပဒေပုဒ်မ ၆၈ မှာ မည်သူမဆို ဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ကြောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားရင် ထိုသို့ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် ၁၀၀၀၀ ကနေ အများဆုံးငွေ ဒဏ်ကျပ် ၅၀၀၀၀ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်။ ပုဒ်မ ၆၉ မှာကျတော့ ပုဒ်မ ၆၈ အရ ပြစ်မှုခံရသူသည် ပြဋ္ဌာန်းချက်ကို ဆက်လက်ဖောက်ဖျက်ပါက ထိုသို့ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ တစ်နေ့ အနည်းဆုံးငွေဒဏ် ကျပ် ၁၀၀၀၀ မှ ကျပ် ၅၀၀၀၀ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုထားတယ်။ အခု ဥပဒေမှာကတော့ ပြစ်မှု၊ ပြစ်ဒဏ်က အများကြီးပဲ။ ပုဒ်မ ၃၁၀ ကနေ ၃၂၃ အထိရှိတယ်။ အဲဒီပြစ်မှု၊ ပြစ်ဒဏ်တွေထဲမှာ စည်ပင်မှာ အဓိကဖြစ်နေတဲ့ လမ်းဘေးဈေးသည်၊ အမှိုက်တွေကို စည်းကမ်းတကျ မပစ်တာတွေနဲ့ ပတ်သက်ပြီးပါတယ်။ ကျန်တာတွေလည်း အများကြီးပါပဲ။ ဥပဒေအသစ်မှာ ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး လွှတ်တော်ရောက်တဲ့အခါ တော်တော်များများ ပြန်လျှော့လိုက်တယ်။ အထူးသဖြင့် ပထမအကြိမ် ကျူးလွန်တဲ့အချိန်မှာ ဒဏ်ငွေများတယ်။ ထောင်ဒဏ်က မရှိသလောက်ပဲ။ တစ်ခုနှစ်ခုလောက်ပဲ ပါမယ်။ ထပ်ကျူးလွန်ရင်တော့ ထောင်ဒဏ်ပေါ့။ လွှတ်တော်ကို မတင်ခင်မှာတော့ ထောင်ဒဏ်ကို သုံးနှစ်အထိဆိုတာပါတယ်။ အခုကတော့ ခြောက်လ၊ တစ်နှစ်ထောင် ဒဏ်တွေ သတ်မှတ်လိုက်တယ်။ ထူးထူးခြားခြား ရှိတာတွေလည်း ရှိတယ်။ အရင်တုန်းက လမ်းဘေးအညစ်အကြေးစွန့်တာတွေ၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးတာတွေက အရင်ဥပဒေမှာ အရေးယူတာ မပါဘူး။ အရင်တုန်းက ဒေသန္တရ အမိန့်နဲ့ပဲ ထုတ်ပြန်တာ။ အခုဥပဒေထဲမှာတော့ အဲဒီဟာတွေနဲ့ ပတ်သက်ပြီး ပြစ်မှု၊ ပြစ်ဒဏ်တွေကိုလည်း ထည့်ထားတယ်။

■ မေး - အခုစည်ပင်သာယာရေးဥပဒေမှာ ပြင်ဆင်စရာအချက်တွေ ရှိသေးလား၊ ပြင်ဆင်စရာရှိတဲ့အချက်တွေကို ဘယ်တော့လောက်ပြင်ဆင်မလဲ။

ဖြေ - လာမယ့် သတ္တမအကြိမ်လွှတ်တော်မှာ စည်ပင်ဥပဒေနဲ့ ပတ်သက်ပြီး ပြင်စရာလေးတွေရှိတယ်။ နည်းနည်းပါးပါးပေါ့၊ စည်ပင်ဥပဒေမှာ အခွန်ကို နိုင်ငံခြားငွေနဲ့ မပေးရတော့ဘူး၊ မြန်မာငွေနဲ့ပဲ သုံးရတော့မယ်။ အခြားအချက် အနည်းငယ်လောက် ပြန်ပြင်ရမှာ။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး။

Most Read

Most Recent