ဒါရိုက်တာ ခရစ် (စ်) တီးနားခီနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာ ခရစ် (စ်) တီးနားခီနှင့် တွေ့ဆုံခြင်း
Published 11 March 2018

အမေရိကန်နိုင်ငံတွင် ရုပ်ရှင်ပညာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးသည့်နောက် တတ်မြောက်ရာအနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူ၊ ဒါရိုက်တာဘဝ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား မုဒြာရဲ့ခေါ်သံအား အခက်အခဲများကြားမှ ဖန်တီးခဲ့သော်လည်း ပြသခွင့်မရရှိသေးဘဲ နှစ်များစွာစောင့်စားခဲ့ရသူ၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ကိုးနှစ်ကြာမြင့်ချိန်မှသာ ဥပါယ်တံမျဉ်ဇာတ်ကားအား ပြသခွင့်ရရှိခဲ့ပြီးနောက် ပရိသတ်တစ်ခဲနက်အားပေးခြင်းခံရသူ ဒါရိုက်တာ ခရစ် (စ်) တီးနားခီ၏ ဒုတိယမြောက် ဇာတ်ကားပြသမှုအဖြစ် မုဒြာရဲ့ခေါ်သံဇာတ်ကားအား မတ် ၁၆ ရက်တွင် ပြသခွင့်ရရှိတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထည့်သွင်းဖန်တီးထားသည့် မုဒြာရဲ့ခေါ်သံဇာတ်ကားမှာ ရိုက်ကူးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုမှသာ ပြသရန်ရုံရက်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရရှိခဲ့သည့်အပြင် ဆုများလည်းရရှိထားသည့် ဇာတ်ကားဖြစ်သည်။ ယခင်နှစ်များစွာကပင် ဖန်တီးခဲ့သည့် အနုပညာလက်ရာတစ်ခုအား ပရိသတ်များရှေ့တွင် တင်ပြအကဲဖြတ်ခွင့်ရရှိတော့မည်ဖြစ်သည့် မုဒြာရဲ့ခေါ်သံဇာတ်ကား၏ဖန်တီးသူ ဒါရိုက်တာခရစ်(စ်)တီးနားခီနှင့် တွေ့ဆုံ၍ သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

‘ကိုယ်ခံစားရသလိုပြသတဲ့ အနုပညာဖန်တီးမှုကို ပရိသတ်ကကြိုက်ပါ့မလားဆိုတာမျိုး စိုးရိမ်စိတ်တော့ရှိတယ်’

 

■မေး - မုဒြာရဲ့ခေါ်သံဇာတ်ကားက ခရစ်(စ်)ရဲ့ ပထမဆုံး ဖန်တီးမှုဖြစ်သလိုပြသဖို့  နှစ်တွေစောင့်ခဲ့ပြီးခါမှ အခုပြသခွင့်ရလာတဲ့ ဇာတ်ကားဖြစ်တယ်ပေါ့။ အဲဒီအတွက် ဘယ်လိုခံစားနေရလဲ။

■ ဖြေ- ပျော်ပါတယ်။ ပြချင်တာကိုး။ ပြချင်တာကို ပြခွင့်ရလို့ပျော်ပါတယ်။ နှစ်ခြားသည်ဖြစ်စေ မခြားသည်ဖြစ်စေ အနုပညာသမားတစ်ယောက်က ကိုယ့်ဇာတ်ကားပြမယ်ဆိုရင် စိုးရိမ်တာပေါ့နော်။ ကိုယ်ခံစားရသလိုပြသတဲ့ အနုပညာဖန်တီးမှုကို ပရိသတ်ကကြိုက်ပါ့မလားဆိုတာမျိုး စိုးရိမ်စိတ်တော့ရှိတယ်။

■ မေး- ဇာတ်ကားဖန်တီးခဲ့တုန်းကစိတ်နဲ့ အခုပြသတော့မယ့်အချိန်မှာ စိတ်ကျေနပ်မှု အပြည့်အဝရှိရဲ့လား။

■ ဖြေ- အခက်အခဲကတော့ အများဆုံးရှိခဲ့တယ်။ ပထမဆုံးဖြစ်တဲ့အတွက်။ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ ငွေကြေးအခက်အခဲ၊ team ရဲ့ အခက်အခဲပေါ့။ ဒါပေမဲ့ အခုအနေနဲ့ကျတော့ ခက်တော့ခက်တယ်ဆိုပေမယ့် အစွမ်းကုန်အောင်ကြိုးစားခဲ့တယ်။ နှစ်ကြာသွားတဲ့အချိန်မှာ ကိုယ့်အမှားတွေအများကြီးရှိတာကို မြင်တတ်လာတယ်။ အခုချိန်ပြန်ကြည့်တဲ့အခါ လိုအပ်ချက်တွေ့ရတာလေးတွေရှိတယ်။ ငွေကြေးအခက်အခဲကြောင့် ပြန်ရိုက်ချင်တာမျိုးရှိပေမယ့် အခွင့်အရေး မရှိဘူးပေါ့နော်။ ငွေမလောက်လို့ lighting မလုံလောက်တာမျိုးပေါ့။ ဒီဒါရိုက်တာက ဒီလောက်တောင်မသိဘူးလားလို့ မြင်ရင်လည်း မတတ်နိုင်တော့ဘူး။ ပြန်ပြင်လို့ မရဘူးပေါ့လေ။

■ မေး - ဇာတ်လမ်းပုံစံက လွန်ခဲ့တဲ့လေးနှစ်လောက်က ဖန်တီးခဲ့တာဆိုတော့ ကြားထဲမှာလည်း ဆင်တဲ့ဇာတ်ကားဆိုပြီး ထွက်လာတာလည်းရှိတော့ စိုးရိမ်စိတ်ရောရှိလား။

■ ဖြေ- သူတို့ဆင်တူတယ်ပြောတာတွေလည်း မဆင်ပါဘူး။ ခရစ်(စ်)တို့က မြန်မာလူမျိုးတွေ ဖြစ်တဲ့အတွက် ဖန်တီးမှုမှာ မြန်မာပိုဆန်တယ်လို့ ထင်တယ်။ သမိုင်းဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေမှာပိုပြီး authentic ဖြစ်တယ်လို့ထင်တယ်။ ရုံရှင်တွေကြည့်တဲ့အခါလည်း လုံးဝမတူဘူး။ ကွဲထွက်တယ်လို့ ပြောကြတယ်။ မြန်မာ taste အပြည့်အဝရအောင် ဖန်တီးထားတယ်။ ဒါကြောင့်ဇာတ်လမ်းပိုင်းကို သိပ်တော့ မပူတော့ဘူး။

■ မေး - အဓိကဇာတ်ကောင်ဇဏ်ခီက မုဒြာရဲ့ခေါ်သံ ဇာတ်ကားမှာ အပြင်ပုံစံနဲ့နီးစပ်တဲ့ ကာရိုက်တာဆိုတော့ ပထမဇာတ်ကားနဲ့ ကွဲပြားတဲ့ အမြင်တစ်မျိုးရနိုင်မလား။

■ ဖြေ - သူက နိုင်ငံခြားမှာ အကြာကြီးနေသွားတဲ့အတွက် ဂျေဒင်ဇာတ်ကောင်နဲ့အများကြီး နီးစပ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့အားသာချက်က အဲဒါပါလို့ ရွေးချယ်ခဲ့တာ။ မတူတာ တစ်ခုက သူက ဗုဒ္ဓဘာသာကို အရမ်းယုံကြည်တဲ့သူ။ ဇာတ်ကားထဲက ဂျေဒင်ကတော့ ဘာသာတရား သိပ်မယုံကြည်တဲ့သူပေါ့။ ကျန်တာအများစုကတော့ တူပါတယ်။ နောက်တစ်ခုက ဒီဇာတ်ကားမှာ ပရိသတ်ကပိုချစ်မလားတောင် မသိဘူး။ သူနဲ့ပိုလိုက်တယ်ပေါ့လေ။ ဟိုဘက်မှာတုန်းက စိတ်ဆင်းရဲနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးပုံစံဆိုတော့ အက်တင်ပိုင်းအရ လွတ်လပ်မှုသိပ် မရှိဘူး။ ဒီဘက်မှာတော့ လွတ်လပ်မှုရှိတယ်။ တချို့ကတော့လည်း ကြည့်ပြီးတဲ့အခါ ဂျေဒင်အက်တင်ကို ပိုကြိုက်တယ်လို့ပြောတာလည်း ရှိတယ်။ ခရစ်(စ်)အမြင်ကတော့ နှစ်ခုလုံးကတော့ သူ့ကာရိုက်တာနဲ့ သူဝင်နေတယ်ပေါ့နော်။

■ မေး - မုဒြာရဲ့ခေါ်သံက နိုင်ငံတကာမှာလည်း ပြသခွင့်ရသလိုဆုတွေလည်း ရထားတယ်။ အဲဒီအတွက် ပရိသတ်တွေကလည်းပိုပြီး မျှော်လင့်ကြတဲ့အတွက် စိုးရိမ်စိတ်ရောရှိလား။

■ ဖြေ - အမှန်အတိုင်းပြောရရင် ကြောက်တယ်။  ခရစ်(စ်)တို့အမြင်ကတော့ မုဒြာကို ပိုကြိုက်တယ်။ ဒီဇာတ်ကားက art ပိုဆန်တယ်။ ဟိုဘက်က entertainment ပိုဆန်တယ်။ ဇာတ်လမ်းကအေးတော့ နည်းနည်းတော့ လန့်တယ်။ ဒရာမာရိုးရိုးလေးပဲပေါ့။ အရင်တုန်းကရှိခဲ့တဲ့ အရာလေးတွေနဲ့ ချိတ်ထားတာတွေတော့ရှိတယ်။ ဘာဖြစ်မယ်ဆိုတာကြို မသိနိုင်ဘူး။ ငြိမ်တဲ့ဇာတ်ကားဆိုတော့ ပရိသတ်က ငြိမ်ငြိမ်လေး ခံစားနိုင်ပါ့မလားဆိုတာတော့ စိုးရိမ်တယ်။

■ မေး - ဥပါယ်တံမျဉ်က ရှစ်ပတ်ထိပြသခွင့်ရတဲ့အထိ အောင်မြင်ခဲ့တော့ မုဒြာရဲ့ခေါ်သံက အဲဒီစံချိန်ကိုထပ် ရောက်နိုင်မယ်လို့ထင်လား။

■ ဖြေ - တစ်ကားနဲ့တစ်ကားကို ပြိုင်ဖို့တော့ မစဉ်းစားထားဘူး။ ပုံစံလုံးဝကွဲသွားတယ်လေ။ အားပေးမှုဆိုရာမှာတော့ ဥပါယ်တံမျဉ်လိုပဲ အချိန်ကြာကြာပေးစေချင်တယ်။ သြင်္ကန်လည်း နီးလာတော့ ကိုယ့်ရုံရက်များ လျော့သွားမလားစိုးရိမ်တယ်။ ပရိသတ်တွေကို အားပေးစေချင်ပါတယ်။

■ မေး - ဇာတ်ကားနှစ်ကားအပြိုင် ရုံတင်မယ်ဆိုတော့ အဲဒီအတွက်ရော ဘယ်လိုထင်လဲ။

■ ဖြေ - အပြိုင်ပြတယ်ဆိုတာကတော့ အရင်ကတည်းကလည်းရှိသလို နိုင်ငံတကာမှာလည်းရှိတယ်။ သူ့ပရိသတ်နဲ့သူ၊ ကိုယ့်ပရိသတ်နဲ့ ကိုယ့်ရှိနေတာပဲလေ။ ကိုယ့်ပရိသတ်နဲ့ ကိုယ်အဆင်ပြေမယ်လို့ထင်ပါတယ်။

■ မေး - နှစ်ကာလရှည်စွာ ကြိုးစားခဲ့ပြီးမှ အခု ၂၀၁၈ မှာ ပရိသတ်အားပေးမှုတွေရလာတဲ့အပေါ် ဒီနှစ်က ထူးခြားတယ်လို့ ပြောလို့ရလား။

■ ဖြေ - ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်မှာ ဥပါယ်တံမျဉ် ပြသခွင့်ရမယ်ဆိုတော့ ပျော်ရွှင်စွာနဲ့နှစ်သစ်ကို ဝင်ခွင့်ရတယ်။ အရမ်းကို ထူးခြားတဲ့ နှစ်ပါ။ တစ်နှစ်တည်းနဲ့နှစ်ကားပြတယ်ဆိုတာ ကိုးနှစ်ကျော်ကြာမှ နှစ်ကားလုံးပြရတယ်ဆိုတော့ အရမ်းစိတ်ချမ်းသာရပါတယ်။

■ မေး - ပရိသတ်ကခရစ်(စ်)ကို ဇာတ်လမ်းအရည်အသွေး ကောင်းတွေဖန်တီးတဲ့သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြုလိုက်တာဆိုတော့ ပိုပြီး တာဝန်ကြီးမလား။

■ ဖြေ- တာဝန်ကတော့ အမြဲတမ်းကြီးမှာပါ။ ကိုယ့်ဆီကဆိုရင် ဆန်းသစ်မှုတစ်ခုတော့ ရှိမှာပဲလေ။ အလုပ်တွေအများကြီး လုပ်မှာလည်း မဟုတ်ဘူး။ ပရိသတ်ကို အာမခံနိုင်တယ်။ ကွာလတီကောင်းတာကို ပဲဖန်တီးသွားမယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များ ရှိဦးမလား။

■ ဖြေ - တောက်လျှောက်ပံ့ပိုးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ တင်တော့မယ်နော်လို့ မေးလိုက်တာနဲ့ကို share ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဥပါယ်တံမျဉ်လိုပဲ အားပေးပါလို့။

Most Read

Most Recent