မြန်မာနိုင်ငံသား Prizma XJ -Pop အဖွဲ့ဝင် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး ဂျပန်နိုင်ငံမှာပဲ အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားတစ်ဦးကတော့ မိုရီဆာကီဝင်းဆိုတဲ့ လူငယ်လေးပါ။ J – Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Prizma X မှာ အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းက ဂျပန်ရုပ်ရှင်ဇာတ်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ မြန်မာနိုင်ငံသား မိုရီဆာကီဝင်းက မြန်မာအနုပညာရှင်တွေနဲ့အတူ ‘ဇာတိမြေ’ (My Country My Home) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျပန် နိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား မိုရီဆာကီဝင်းနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး – ‘ဇာတိမြေ’ ဇာတ်ကားမှာ မြန်မာအနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရမယ်ဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ – ကျွန်တော်က မြန်မာတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံမှာ အဆိုတော်ဖြစ်နေပေမယ့် ကျွန်တော့်အဘွားရဲ့ထိန်းကျောင်းမှုနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဘွားက မြန်မာပြည်မှာ အကြာကြီးနေခဲ့တာဆိုတော့ အခုလို မြန်မာအနု ပညာရှင်တွေနဲ့အတူလက်တွဲပြီး အနုပညာအလုပ်တွေ လုပ်ခွင့်ရတာက ကျွန်တော့်အဘွားအတွက် ကျွန်တော်ကျေးဇူးပြန်ဆပ်နိုင်တာလို့လည်း ခံစားရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကိုဝမ်းသာရပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးပေးတဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

မေး – ဂျပန်နိုင်ငံကို ဘယ်အရွယ်ကတည်းက ရောက်သွားခဲ့ပြီး အနုပညာအလုပ်တွေကိုရော ဘယ်အချိန်လောက်မှာ စလုပ်ဖြစ်ခဲ့လဲ။
ဖြေ – ကျွန်တော် ၁၀ နှစ်သားလောက်မှာ ဂျပန်ကို မိဘတွေထွက်ခွာခဲ့တာပါ။ အနုပညာအလုပ်တွေကိုတော့ ကျွန်တော် ၁၄ နှစ်သား လောက်မှာ စပြီးလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာပါ။ စကောက်ရွေးခံရပြီးနောက်မှာ သူတို့ Stardust Promotion မှာ ရွေးခံရတယ်။ သူတို့ဆီရောက်ပြီးတဲ့နောက်မှာ သူတို့က သီချင်းဆိုတတ်လားလို့မေးတယ်။ ကျွန်တော်က သီချင်းဆိုပြလိုက်တော့ သူတို့ဘက်က သဘောကျပြီး နောက်တစ်ပတ် လိုက်ဖ်ရှိုးမှာ အရင်ဆုံး အကပိုင်းနဲ့ ပါဝင်ခွင့်ရတယ်။ Prizma X အဖွဲ့က ကျွန်တော် အနုပညာအလုပ်တွေ မလုပ်ခင်ကတည်းက ရှိနေပြီးသားအဖွဲ့ပါ။ အဲဒီနောက်မှာမှ ကျွန်တော်က ပါဝင်ခွင့်ရတဲ့ အဖွဲ့သားတစ်ယောက်ဖြစ်ခဲ့တာပါ။ အဖွဲ့မှာ အားလုံးက ဂျပန်သွေးပါတဲ့လူတွေချည်းပါပဲ။ ကျွန်တော်တစ်ယောက်ပဲ ဂျပန်သွေးမပါတာ။

မေး – ဂျပန်နိုင်ငံကို ရောက်နေတာကြာနေပြီး အနုပညာ အလုပ်တွေလည်း လုပ်နေတယ်ဆိုတော့ ဂျပန် နိုင်ငံသား ခံယူလိုက်ပြီလား။
ဖြေ – အခုချိန်ထိ ကျွန်တော် ဂျပန်နိုင်ငံသား မခံယူထားပါဘူး။ မြန်မာနိုင်ငံသား ပတ်စ်ပို့စ် ကိုင်ထားပါတယ်။

မေး – Prizma X အဖွဲ့နဲ့အတူ လှုပ်ရှားဖြစ်တဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း သိပါရစေ။
ဖြေ – Prizma X အဖွဲ့က ပေါ့ပ်သီချင်းတွေကိုပဲ အဓိကဆိုပါတယ်။ J Pop လို့လည်း ခေါ်တာပေါ့။ အဖွဲ့မှာ ကျွန်တော်ခံစားချက်ကို ကိုယ်တိုင်ရေးထားတဲ့သီချင်းလေးတွေလည်း ဆိုဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကတော့ အဖွဲ့နဲ့အတူ ဖျော်ဖြေပွဲတွေဆိုဖြစ်တယ်။ ကျွန်တော် Prizma X အဖွဲ့ထဲကိုရောက်တာ ငါးနှစ်ကျော် ခြောက်နှစ်လောက်တော့ရှိပါပြီ။ ကျွန်တော်ပါဝင်ပြီးနောက်ပိုင်း အယ်လ်ဘမ်ထုတ်ဖြစ်တာကနေ စမယ်ဆိုရင်တော့ လေးနှစ်လောက်ရှိပါပြီ။ လာမယ့် သြဂုတ် ၃၁ ရက် မှာတော့ ကျွန်တော်တို့ Prizma X အဖွဲ့ရဲ့ ရှစ်ချပ်မြောက် အယ်လ်ဘမ်ကို ဖြန့်ချိမှာပါ။ ဂီတ အနုပညာအလုပ်တွေကို အဖွဲ့နဲ့ပဲလုပ်ဖြစ်ပါတယ်။

မေး – Prizma X အဖွဲ့အနေနဲ့ တခြား နိုင်ငံတွေကို ဖျော်ဖြေရေးသွားဆိုတာ ရှိလား။
ဖြေ – ကျွန်တော်တို့ Prizma X အဖွဲ့က ဂျပန်နိုင်ငံတွင်းမှာပဲ ဖျော်ဖြေမှုတွေလုပ် နိုင်ပါသေးတယ်။ မြန်မာနိုင်ငံကိုတော့ ပြီးခဲ့တဲ့ ဂျပန်-မြန်မာပွဲတော်မှာ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေဖြစ်ခဲ့ပါတယ်။

မေး – Prizma X အဖွဲ့အနေနဲ့အတူ မြန်မာနိုင်ငံကို လာဖျော်ဖြေရတုန်းက အတွေ့အကြုံနဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်။
ဖြေ – အဲဒီတုန်းကတော့ ကျွန်တော့်ကိုရော ကျွန်တော့်အဖွဲ့ကိုပါ ပရိသတ်တွေက သိပ်ပြီး မရင်းနှီးသေးပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်နိုင်ငံကိုပြန်လာပြီး ဖျော်ဖြေရတာက ရင်ခုန်စရာဖြစ်ပြီး ၀မ်းသာရပါတယ်။ အဲဒီအချိန်တုန်းကလည်း ပရိသတ်တွေရဲ့ အားပေးမှုက နွေးထွေးခဲ့ပါတယ်။

မေး – သရုပ်ဆောင်ပိုင်းမှာဆိုရင် အခုမြန်မာအနုပညာရှင်တွေနဲ့ အတူရိုက်ကူးမယ့် ‘ဇာတိမြေ’ ဇာတ်ကားက ပထမဆုံးဇာတ်ကားလား။
ဖြေ – ကျွန်တော်က ဂျပန်မှာလည်း ရုပ်ရှင် ဇာတ်ကားသုံးလေးကားလောက်တော့ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်ကားတွေ ရိုက်တဲ့အချိန်တုန်းက ကျွန်တော်က ကျောင်းသားအရွယ်ဆိုတော့ အဲဒီအရွယ်နဲ့ပတ်သက်တဲ့ ကျောင်းသားဘ၀ ဇာတ်ကားလေးတွေပါပဲ။ အဓိကခေါင်းဆောင်မင်းသားအနေနဲ့ကတော့ တစ်ကားပဲရှိပါတယ်။ အဲဒီဇာတ်ကားလေးကလည်း ဂျပန်မှာ နာမည်ကြီးတစ်ယောက်ကို အရမ်းနှစ်သက်အားကျပြီး သူ့ကိုအားကျစိတ်နဲ့ လိုက်ပြီးအတုယူတဲ့ လူ ငယ်လေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ဇာတ်ကားပါ။

မေး – ‘ဇာတိမြေ’ ဇာတ်ကားမှာရော ဘယ်လိုဇာတ်ကောင် စရိုက်မျိုးနဲ့ ပါဝင်ရမှာလဲ။ ဇာတ်ကားအတွက်ရော ဘာတွေပြင်ဆင်နေပြီလဲ။
ဖြေ – ‘ ဇာတိမြေ’ ဇာတ်ကားမှာတော့ ကျွန်တော့်ရဲ့ လက်ရှိ မိုရီဆာကီဝင်းဆိုတဲ့ဘ၀နဲ့ ရာနှုန်းပြည့် ထပ်တူကျတာတော့ မဟုတ်ပေမယ့် အခုလက်ရှိ ကျွန်တော့်ဘ၀နဲ့နီးစပ်တဲ့ ဇာတ်ကောင်စရိုက်မျိုးနဲ့ ပါဝင်ရမှာပါ။ ဂျပန်နိုင်ငံကို ရောက်နေပေမယ့် ကိုယ့်မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုမှမမေ့ဘူးဆိုတဲ့ ဇာတ်ကောင်စရိုက်မျိုး ဖြစ်လို့ အခုလက်ရှိလည်း ကိုယ်က အဲဒီလိုဖြစ်နေတာကြောင့် သေချာစိတ်ခံစားမှုထည့်ပြီး သရုပ်ဆောင်သွားမှာပါ။

မေး – ‘ဇာတိမြေ’ ဇာတ်ကားမှာ မြန်မာအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး အနုပညာအလုပ်တွေလုပ်ခွင့်ရပြီဆိုတော့ နောက်ပိုင်းမှာရော မြန်မာပြည်မှာ အနုပညာအလုပ်တွေထပ်လုပ်ဖို့ အစီအစဉ်ရှိလား ပြောပြပေးပါဦး။
ဖြေ – ကျွန်တော်မွေးတာက မြန်မာပြည်လေ။ အဲဒီတော့ ကျွန်တော့်နိုင်ငံမှာ ကျွန်တော် အနုပညာအလုပ်တွေ အရမ်းလုပ်ချင်တာပေါ့။ အခုလက်ရှိမှာတော့ ကျွန်တော်က ဂျပန်မှာနေပြီး အနုပညာအလုပ်တွေ လုပ်နေတာဆိုတော့ အခုလိုပဲ နှစ်နိုင်ငံပူးပေါင်းလုပ်ကိုင်မယ့် အနုပညာအလုပ်တွေနဲ့ ကျွန်တော့်လုပ်နိုင်တဲ့ အနုပညာအလုပ်တွေနဲ့ မြန်မာဆိုတာကို ကမ္ဘာကပိုပြီးသိလာအောင် လုပ်နိုင်ခွင့်တွေလည်း ရချင်ပါတယ်။