ဇော်ဝင်းထွဋ်နှင့် တွေ့ဆုံခြင်း

ဇော်ဝင်းထွဋ်နှင့် တွေ့ဆုံခြင်း
Published 5 December 2017

မြန်မာ့ ဂီတလောကရဲ့ ရော့ခ်ကာကြီးတစ်ဦးအဖြစ် ယနေ့တိုင် အောင်မြင်မှု အနုပညာမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ခဲ့သူ အနုပညာရှင်တစ်ဦးကတော့ ချစ်ခင်သူများက ညီထွဋ်ဟု ခေါ်ကြသည့် တေးသံရှင်ကြီး ဇော်ဝင်းထွဋ်ဖြစ်သည်။ အနုပညာအင်အားကောင်းကောင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လျက်ရှိပြီး မျိုးဆက်သစ်

ရော့ခ်ဂီတသမားများကိုလည်း ချစ်ခင်ရင်းနှီးစွာဖြင့် တွဲခေါ်နိုင်ရန် ကြိုးစားသူတစ်ဦးဖြစ်သည့် ဇော်ဝင်းထွဋ်သည် THE JOURNEY လို့ခေါ်တဲ့ တေးစီးရီးအယ်လ်ဘမ်ကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖြန့်ချိခဲ့သည်။ တစ်ချိန်က ရော့ခ်ဂီတသမိုင်းကြောင်းတွင် အောင်မြင်ခဲ့သည့်တေးသီချင်းများကို ပြန်လည်ထုတ်ဝေခဲ့သည့်အပြင် တေးသီချင်းသစ်များကို ပရိသတ်ထံရောက်ရှိရန် စီစဉ်နေသည့် ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်၏ အနုပညာလှုပ်ရှားမှုများကို မေးမြန်းဖြစ်ခဲ့ပါတယ်။

 

မေး - THE JOURNEY စီးရီးလေး စီစဉ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို သိပါရစေ။

ဖြေ - ဒီခွေလေးကို လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ကျွန်တော်တို့ စီစဉ်နေခဲ့တာပါ။ ကျွန်တော်ဆိုခဲ့တဲ့သီချင်းတွေထဲမှ တေးရေး တစ်ယောက်ချင်းစီရဲ့ သီချင်းတွေ ကို ပြန်စုပြီး တီးဝိုင်းနဲ့ အသစ်ပြန်တီးပြန်ဆိုပြီး လုပ်ထားတဲ့သီချင်းတွေပါ။ ကိုယ့်ဘဝအ တွက် ကိုယ့်အနုပညာအတွက် အမှတ်တရ ဖြစ်အောင် ပြန်ပြီးလုပ်တဲ့သဘောပါပဲ။ ဒီစီးရီးကို The Journey လို့ နာမည်ပေးဖြစ်တာကလည်း ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ သွားခဲ့တဲ့ ခရီးတွေကို ရည်ရွယ်တာပါ။  ဒီသီချင်းတွေက ကျွန်တော်နဲ့ မင်းချစ်သူ အတူဖန်တီးခဲ့ကြတဲ့ သီချင်းတွေထဲကမှ သီချင်းကောင်းတွေ ဘဝနဲ့ပတ်သက်တဲ့ ဒဿနတွေပါတဲ့သီချင်းတွေကို ဦးစားပေးပြီး အရင်ထုတ်ထားတာပါ။ အတီးပိုင်းမှာလည်း ကျွန်တော်တို့တွေ အရင်နဲ့မတူတဲ့ပုံစံသစ်တွေပါမှာပါ။ ဒီခွေနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က ဘာမှသိပ်ပြီး မျှော်လင့်ထားတာမရှိတဲ့အတွက် အမ်တီဗွီလည်း ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ပရိသတ်တွေအတွက်ရော ကျွန်တော့်အတွက်ပါ အမှတ်တရဖြစ်ချင်တဲ့အတွက် တေးရေး၊ တီးဝိုင်းနဲ့ ထုတ်လုပ်သူတွေ မူပိုင်ခွင့်အတွက် Royalties စနစ်ကို လုပ်ချင်တဲ့အတွက်ပါ ဒီခွေလေးလုပ်ဖြစ်တာပါ။ ကိုယ်တိုင်လည်း အမှတ်တရ ပြန်ပြီးသိမ်းချင်တယ်။ ကိုယ့်အနုပညာကို အမှတ်တရ ပြန်ပြီးချန်ခဲ့ချင်တာကြောင့် လုပ်ဖြစ်ခဲ့တာပါ။

 

မေး - အခြားသော တေးရေးတွေတစ်ယောက်ချင်းစီရဲ့ သီချင်းတွေကိုရော ဘယ်လိုစီစဉ်နေလဲ။

ဖြေ - တေးရေးတစ်ယောက်ချင်းစီရဲ့ သီချင်းတွေကို ပြန်လုပ်နေပါတယ်။ အပုဒ်လေးငါးဆယ်လောက် ပြီးနေပြီ။ အဲဒီထဲကနေမှ မင်းချစ်သူသီချင်းတွေချည်း အပုဒ် ၂၀ ကို ခွေအရင်ထွက်ဖြစ်တာပါ။ ပြီးရင်တော့ တစ်ခွေချင်းထွက်မှာပါ။ ခူဆဲ (စောခူဆဲ) သီချင်းတွေဆိုရင်လည်း အများကြီးပဲလေ။ အကုန်လုံးကိုတော့ အသစ်ပြန်သွင်းဖို့လုပ်နေပါတယ်။ ပြန်တီး၊ ပြန်ဆို၊ ပြန်သွင်းတဲ့အခါမှာ ကိုယ်ပိုင်ဖြစ်တဲ့ပုံစံလေးတွေကို ပိုပြီးအလေးထားလုပ်ထားတယ်။ ဆင်တူနေတာလေးတွေကို ပြန်ဖယ်ပြီး ပုံစံသစ်လေးတွေ လုပ်ထားတယ်။

 

မေး     -         ခုနောက်ပိုင်းမှာ သီဆိုဖျော်ဖြေမှုတွေအပေါ် ဦးညီထွဋ်ရဲ့ ခံစားချက်က ဘယ်လိုတွေပြောင်းလဲသွားတာရှိလဲ။

ဖြေ      -         THE JOURNEY မှာပါတဲ့သီချင်းတွေရော နောက်ထပ် အသံသွင်း၊ ပြန်တီးလုပ်နေတဲ့ သီချင်းတွေကိုရော အသံသွင်းတဲ့အခါ အရင်တုန်းကလို အတီးသတ်သတ် တီး၊ ကိုယ်က အဆိုသီးသန့် အသံသွင်းပြီး စိတ်ကြိုက်မဖြစ်မချင်း ပြန်ဆိုတာမျိုးတွေ မလုပ်ဖြစ်ဘူး။ တီးဝိုင်းက တစ်ခါတီး ကိုယ်ကလည်း တစ်ခါတည်း ဆိုတယ်။ ဒီသီချင်းတွေဆိုတာကလည်း အကြိမ်များစွာ သီဆိုလာပြီးသားတွေဆိုတော့ တချို့နေရာလေးတွေမှာ ပုံစံလေးတွေ နည်းနည်းပြောင်းဆိုတယ်။ ဒါပေမဲ့ အရင်လိုပြန်ပြီးပြင်တာတွေ မလုပ်ဘဲ အသံသွင်းဖြစ်ခဲ့တာ။ သီဆိုဖျော်ဖြေမှုပိုင်းဆိုရင်လည်း  တီးဝိုင်းတွေအများကြီးနဲ့ အဆိုတော်တွေအများကြီး ဖျော်ဖြေရတာမျိုးကိုပဲ ကြိုက်နေတယ်။ ခုနောက်ပိုင်းမှာ တီးဝိုင်းတစ်ခုတည်းနဲ့ ကိုယ်တစ်ယောက် ဆိုရတာမျိုးဆိုရင် ပျင်းနေရော။ ဒါကြောင့် ဖျော်ဖြေပွဲတွေဆိုရင် တီးဝိုင်းလည်း အနည်းဆုံးနှစ်ဝိုင်းလောက်ပါမှ အဆိုတော်လည်း သုံးလေးငါးယောက် အနည်းဆုံးမှရှိမှ ဆိုချင်တော့တယ်။

 

မေး     -         အသစ်စီစဉ်ထားတဲ့ သီချင်းတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ      -         'ကောင်းသတင်း' ဆိုတဲ့ Mini Album လေး စီစဉ်ထားပါတယ်။ အဲဒီ Album သီချင်းတွေအားလုံး သွင်းပြီးသွားပြီး အချောလည်းသပ်နေပြီ။ အဲဒီ စီးရီးလေးကိုတော့ ၂၀၁၈ ခုနှစ် နှစ်သစ်မှာ ပရိသတ်တွေကို လက်ဆောင်ပေးချင်တာကြောင့် ဇန်နဝါရီ ၁ ရက်မှာ ထွက်ဖို့ပြင်ထားတယ်။

 

မေး     -         'ကောင်းသတင်း' Mini Album လေးစီစဉ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ      -         ကိုဆောင်းဦးနဲ့က အွန်လိုင်းမှာလည်း အမြဲတွေ့ဖြစ်ပြီး အဆက်အသွယ်အမြဲရှိပါတယ်။ သူရေးပြီး ပို့ထားတဲ့ သီချင်းသစ်တွေချည်း ၁၂ ပုဒ်လောက်ရှိတယ်။ တစ်ပုဒ်မှတော့ မသွင်းရသေးဘူး။ အဲဒီထဲကနေ ကောင်းသောသတင်း၊ ကောင်းသောသီချင်းဆိုတဲ့ သီချင်းကိုတော့ ကိုယ်တစ်ယောက်တည်းဆိုရမှာ ပျင်းတဲ့အတွက် R ဇာနည်နဲ့ ဝေလတို့ကိုပါ ခေါ်ပြီးအသံသွင်းခဲ့တာ။ အဲဒီသီချင်းလေးဆိုပြီးတော့ မထူးပါဘူးဆိုပြီး နောက်ထပ် တစ်ယောက် တစ်ပုဒ်စီထပ်ထည့်ပြီး Mini Album လေးလုပ်ဖို့ စီစဉ်လိုက်တာပါ။ နှစ်သစ်မှာ ပရိသတ်တွေရော ကျွန်တော်တို့အတွက်ရော အမှတ်တရလေးဖြစ်မှာပါ။

 

မေး     -         ဖျော်ဖြေပွဲတွေအနေနဲ့ရော ဘယ်ပွဲတွေဆိုဖို့ရှိမလဲ။

ဖြေ      -         THE JOURNEY စီးရီးထွက်တဲ့ အထိမ်းအမှတ်အနေနဲ့ ပရိတ်တွေကို အားရပါးရဖျော်ဖြေမယ်။ ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံမယ့်ပွဲလေးတော့ လုပ်ဖို့စီစဉ်နေပါတယ်။ ဒီဇင်ဘာ လဆန်းပိုင်းထဲမှာပဲ လုပ်ဖြစ်မှာပါ။ ရန်ကုန်မှာရော မန္တလေးမှာပါ လုပ်ဖို့စီစဉ်ထားပေမယ့် နေရာစီစဉ်နေတုန်းပါ။

 

မေး     -         ဒီနေ့ခေတ်ရဲ့ ရော့ခ်ဂီတရေစီးအပေါ် ဦးညီထွဋ်ရဲ့ အမြင်ကိုလည်း သိပါရစေ။

ဖြေ      -         ရော့ခ်ဂီတကရှိနေပေမဲ့ တကယ့်ရော့ခ်အင်ရိုးဂီတကို ပီပီပြင်ပြင်ဆိုတဲ့သူ နည်းနေတယ်လို့ ကျွန်တော် မြင်တယ်။

 

မေး     -         ရော့ခ်ဂီတရဲ့ မျိုးဆက်သစ်လူငယ်တွေအပေါ် ဘယ်လိုအားပေးချင်လဲ။

ဖြေ      -         သူတို့ကို ကျွန်တော်ပြောချင်တာက ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပါ။ ကျွန်တော်တို့တုန်းကလည်း ဘယ်သူမှ မထောက်ပံ့ပေးဘဲ ကိုယ့်ဘာသာကိုယ် ရုန်းကန်ရင်း ဖြစ်လာခဲ့တာပါ။ ကမ္ဘာမှာလည်း တကယ့်နာမည်ကြီး ရော့ခ်တီးဝိုင်းတွေမှာ ငတ်ပြတ်နေတဲ့ ကောင်တွေရှိတယ်။ ကျွန်တော်တို့က ဒီဘဝကို ရွေးချယ်ပြီးပြီဆိုတော့ သတ္တိ ရှိရှိနဲ့ ဆက်ပြီးရပ်တည်ပါ။ ရော့ခ်အင်ရိုးက ကျွန်တော်တို့တွေကို ဘဝမှာ ယုံယုံကြည်ကြည်နဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားရအောင်တော့ လုပ်ပေးမှာပါ။

 

မေး     -         ပရိသတ်တွေအတွက် အမှတ်တရစကားလေး ပြောပေးပါ။

ဖြေ      -         ဒီနေ့အထိ အားပေးလာကြတဲ့အတွက် အမြဲတမ်း အမှတ်တရနဲ့ ကျေးဇူးတင်ပါတယ်။

Most Read

Most Recent