ဒါရိုက်တာ ညီညီထွန်းလွင်နှင့် တွေ့ဆုံခြင်း

ဒါရိုက်တာ ညီညီထွန်းလွင်နှင့် တွေ့ဆုံခြင်း
Published 15 October 2017

ပရိသတ်ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေကို ရိုက်ကူးဖန်တီးနိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲမှာ ဒါရိုက်တာညီညီထွန်းလွင်ကလည်း ထင်ရှားတဲ့သူတစ်ဦးပါ။ အနုပညာနယ်ပယ်မှာ နှစ်ကာလများစွာ အောင်မြင်မှု တွေနဲ့ရပ်တည်နိုင်ခဲ့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ခုနောက်ပိုင်းမှာတော့ အသက်အရွယ်အရ ဇာတ်ကားရိုက်ကူးမှုတွေကို လုံးဝနီးပါး လျော့ချခဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နားတော့မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့ သူဖန်တီးချင်တဲ့ ဇာတ်လမ်းတွေ၊ သူရိုက်ချင်တဲ့ဇာတ်လမ်းတွေ၊ သူ့ဘဝအတွက် အမှတ်တရဖြစ်စေမယ့် ဇာတ်လမ်းတွေကို လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကစပြီး ရိုက်ကူးခဲ့သူပါ။ အဲဒီအချိန်တုန်းက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ခဲ့တဲ့ 'အော်တိုဘုရင်' ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၀ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပါ။ လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသလို ဇာတ်ကား နမူနတင်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှု အများကြီးရရှိခဲ့တဲ့ 'အော်တိုဘုရင်' ဇာတ်ကားနဲ့ပတ်သက်ပြီး ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ် . . .

 

■ မေး- အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းလေးကို အရင်သိပါရစေ။

ဖြေ - ဦးညီအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ အနုပညာအလုပ်တွေကနေ နားတော့မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ အပျင်းပြေ အပျော်ကြည့်အနေနဲ့ မဟုတ်ဘဲ အမှတ်တရဖြစ်စရာ ဇာတ်လမ်းလေးတွေ ရိုက်မယ် စဉ်းစားမိတယ်။ ဒီအော်တိုဘုရင်ကလည်း အဲဒီလို စိတ်ကူးနဲ့ရိုက်တယ်။ ဇာတ်သမားပြန်ရင် မှတ်သမားစရာ ကျန်ရမယ်ဆိုတာမျိုး၊ ခေတ်နဲ့စနစ်ကို သရော်ပြီးတော့ ပုံဖော် ရိုက်ကူးထားတယ်။ ရုပ်ရှင်တစ်ကားကို အပျော်ကြည့် အပျင်းပြေတစ်ခုနဲ့တင် ပြီးမသွားဘဲ ပရိသတ်ကို တစ်ခုခုပေးနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ချင်တယ်။ ဒီ ဇာတ်ကားဆိုမှာဆိုရင်လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ကိုသရော်ပြီး ရိုက်ကူးထားတယ်။  နိုင်ငံရေးနဲ့ပတ်သက်ပြီး ပိုပြီးစိတ်ဝင်စားစေချင်တာရယ် စကားလုံးတွေကတစ်ဆင့် နိုင်ငံရေးအကြောင်းအရာတွေကို သရော်ထားတယ်။

■ မေး - နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သရော်ရိုက်ကူးဖို့အတွက် ဒီဇာတ်လမ်းကိုရွေးချယ်ဖြစ်ခဲ့တာလား ကိုယ်ရိုက်ချင်တဲ့ အကြောင်းအရာတွေကိုတည်ပြီးတော့မှ ဒီဇာတ်လမ်းကို ရွေးခဲ့တာမျိုးလား။

ဖြေ - ဇာတ်လမ်းကိုပဲ အရင်ရွေးတာပါ။ ပြီးတော့ နဂါးနိုင်မင်း ပေါက်ကျိုင်းဆိုတာက သူ့ဇာတ်လမ်းနဲ့ သူရှိပြီးသားလေ။ ဒါကိုပဲ ဦးညီတို့က ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေကို ချဲ့ယူတာမျိုးပါပဲ။ ကိုယ်ပြောချင်တဲ့ နိုင်ငံရေးသရော် ဇာတ်ကွက်တွေကို ဇာတ်လမ်းထဲကိုဝင်အောင်ထည့်ပြီး ရိုက်ကူးခဲ့တာပါ။

■ မေး - 'အော်တိုဘုရင်' ရုပ်ရှင်ရိုက်ကူးဖို့အတွက် ပြင်ဆင်ခဲ့ရတာတွေရှိရင်လည်း သိချင်ပါတယ်။

ဖြေ - ဒီဇာတ်ကားမရိုက်ခင်မှာ ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေဖတ်ပြီး ခေတ်နဲ့စနစ်ကို ထင်ဟပ်နိုင်မယ့် အကြောင်းအရာတွေ သရော်ဟာသအနေနဲ့ လုပ်နိုင်မယ့်အချက်အလက်တွေကို ရှာဖွေစုဆောင်းရတယ်။ အဲဒီလိုရှာဖွေထားတာကို ဒီဇာတ်လမ်းမှာ ဖြည့်စွက်လိုက်တာမျိုးပါပဲ။ အဲဒီလို ဖြည့်စွက်တင်ပြလို့ရမယ့် ဇာတ်လမ်းမျိုးဖြစ်လို့လဲ ပေါက်ကျိုင်းဇာတ်ကို ရွေးချယ်ဖြစ်ခဲ့တာ။

■ မေး - ဟိုးအရင်တုန်းကလည်း ဒီလို ပေါက်ကျိုင်းဇာတ်မျိုးကို ရိုက်ခဲ့ဖူးတယ်ဆိုတော့ အဲဒီဇာတ်ကားနဲ့ အော်တိုဘုရင် ဇာတ်ကား ဘာတွေကွာခြားသွားမလဲ။

ဖြေ - ဟိုးအရင် ဗီဒီယိုခေတ်တုန်းက မော့စ်နဲ့ ခေတ်သစ်ပေါက်ကျိုင်းဆိုပြီး ရိုက်ကူးခဲ့တယ်။ အဲဒီဇာတ်ကားက ခွေငှားဆိုင်တွေ အတော်များများမှာ ဈေးကြီးတင်ပြီး ခိုးဝှက် ငှားကြည့်ရတဲ့ ဇာတ်ကားဖြစ်ခဲ့သလို ဦးညီ ကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ရတယ်။ အဲဒီတုန်းကလည်း ခေတ်နဲ့စနစ်ကို သရော်နိုင်မယ့်အကြောင်းအရာလေးတွေထည့်ပြီး ရိုက်ခဲ့တာပါပဲ။ အော်တို ဘုရင်ဇာတ်ကားမှာတော့ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တင်ပြနိုင်တဲ့ အနေအထားမျိုးဖြစ်လာသလို ဒီဘက်ခေတ်ရဲ့ အနေအထားတွေ အခြေအနေတွေကိုလည်း ထင်ဟပ်နိုင်အောင် ကြိုးစားထားတယ်။

■ မေး - အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးလာနိုင်တဲ့ ဒီအော်တိုဘုရင် ဇာတ်ကားအတွက် ဆင်ဆာ အခက်အခဲတွေလည်း ရှိခဲ့တယ်ဆိုတော့ ဆင်ဆာမှာ ကြုံရတဲ့အခက်အခဲတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - အော်တိုဘုရင် ဇာတ်ကားမှာလည်း ဆင်ဆာက ဖြတ်ခိုင်းတာတွေများခဲ့တယ်။ ကိုယ့်ဘက်ကလည်း ဖြတ်နိုင်တာလေးတွေ ဖြတ်ပေးပြီး တချို့ဇာတ်ဝင်ခန်းတွေကတော့ ဇာတ်လမ်းကို ထိခိုက်ပျက်ဆီးစေနိုင်တာမျိုးတွေ ကြုံနိုင်တဲ့အတွက် ပြန်ပြီးစောဒကတက်တဲ့နည်းနဲ့  ပြန်ညှိနှိုင်းပြီး ဆွေးနွေးရတာလေးတွေ ရှိပါတယ်။ ဒီဇာတ်ကားက တစ်ကားလုံးနီးပါးက အန်နီးမေးရှင်းတွေပါတဲ့အခါ ဆင်ဆာဖြတ်ခံရရင် အဲဒီ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေပါ အကုန်ပြန်လုပ်ရတာမျိုးတွေ ကျတော့လည်း အဆင်မပြေဖြစ်တာတွေ ရှိတယ်။ ပထမပိုင်းတုန်းကတော့ ဆင်ဆာဖြတ်ခံရတဲ့အပိုင်းက တော်တော်များများရှိခဲ့တယ်။ ဇာတ်ဝင်ခန်းတစ်ခန်းလုံးကို ဖြတ်ပေးရ တာမျိုးတွေလည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကစောဒက ပြန်တက်ပြီး ညှိရတာတွေရှိတယ်။ အတော်များများကတော့ ပြန်ပြီးအဆင်ပြေခဲ့ပါတယ်။

■ မေး - ဒီဇာတ်ကား ရိုက်ကူးတုန်းက ကြုံရတဲ့အခက်အခဲတွေ အမှတ်တရတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - ပေါက်ကျိုင်းက ပါးစပ်ရာဇဝင်တစ်ခုဖြစ်တဲ့အတွက်  ဒီ ဇာတ်မှာ ကျွန်တော်တို့က ဟာသအနေနဲ့ရော သရော်ပြီး ရိုက်ကူးမယ့် အကြောင်းအရာတွေအတွက်ပါ လွတ်လွတ်လပ်လပ် ဖန်တီးရိုက်ကူးခွင့်ရှိတဲ့ အပေါ်မှာ ဟာသအမြင်ဖြစ်အောင် နဂါးက လက်ပတ် နာရီပတ်တာမျိုး၊ အဝတ်အစားဒီဇိုင်းကို အဆင်ပြေအောင်ပြင်ဆင်နိုင်တာမျိုးတွေရော စကားပြောမှာလည်း ခေတ်စကားတွေနဲ့ ထည့်ပြောတာတွေ လုပ်ထားတယ်။ နောက်ပြီး နဂါး ခေါင်းကိုဖြတ်ပြီး ယူသွားတဲ့ အခန်းဆိုရင်လည်း ဘုရားပွဲဈေးက နဂါးခေါင်းကိုထည့်သုံးပြီး စကားပြောနဲ့တင် ဟာသလုပ်ထားလိုက်တယ်။ ဒါကြောင့် ဒီဇာတ်ကားက ပရိသတ်တွေအတွက် အမြင်တစ်ခုတော့ ဆန်းနေမှာပါ။

■ မေး - ဒီဇာတ်ကားကို လာကြည့်မယ့် ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ဒီဇာတ်ကားက ရိုက်ရိုးရိုက်စဉ် ပြရိုးပြစဉ်ထဲမှာ မပါတဲ့အတွက် ပရိသတ်တွေ ကြိုက်မှကြိုက်ပါ့မလားလို့ စိတ်ပူမိတာရှိတယ်။ ဒီ ဇာတ်ကားလေးကြည့်ရင် ပရိသတ်တွေရင်ထဲမှာ အမှတ်တရ အဖြစ်တွေ စကားလုံးလေးတွေပေါ်မှာ မှတ်သားမိတာ၊ ခံစားမှု ရသတွေတော့ ပေးစွမ်းနိုင်မှာပါ။

Most Read

Most Recent