ဒုက္ခသည်များပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က OIC ကို တိုက်တွန်း

ဒုက္ခသည်များပြန်ခေါ်ရေး မြန်မာကို ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က OIC ကို တိုက်တွန်း
Published 7 May 2018

မေ ၄ ရက်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုတွင် ဘင်္ဂါလီများနှင့် တွေ့ဆုံနေသည့် OIC ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များ

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က စီစဉ်သော ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံဖွင့်ပွဲအစီအစဉ်၌ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို ပြန်ခေါ်ရေးအတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးကြရန် ထပ်လောင်းတိုက်တွန်းခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များနှင့်အတူ ရပ်တည်ပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများ၊ လုံခြုံရေးများကို ပြန်လည်ရရှိစေရန် ချက်ချင်းလုပ်ဆောင်ပေးရေးအတွက်လည်း ဟာစီနာက OIC ကို တိုက်တွန်းခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ရရှိထားတဲ့ နေရပ်ပြန်ပို့ရေး သဘောတူညီချက်အတိုင်း ဘင်္ဂါလီမွတ်စလင်တွေကို ပြန်ခေါ်ဖို့ မြန်မာနိုင်ငံအပေါ် OIC အနေနဲ့ ဖိအားတွေ ဆက်ပြီးပေးထားရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ဟာစီနာသည် တမန်တော် ဟာဇရတ်မိုဟာမက်၏ အမည်ကိုတိုင်တည်ပြီး တမန်တော်သည် မွတ်စလင်များအား ဖိနှိပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရန် ညွှန်ကြားထားကြောင်း OIC ကို ပြောကြားခဲ့သည်။ ထိုအကြောင်းရင်းကြောင့် OIC အနေနှင့် လူသားကပ်ဘေး ဖြစ်ပေါ်နေသည့်အပေါ် နှုတ်ဆိတ်မနေသင့်ကြောင်းလည်း ဆိုသည်။

“နှိပ်စက်ညှင်းပန်းခံနေရတဲ့ ဒီလူတွေအတွက် ကျွန်မတို့ရဲ့ အသည်းနှလုံးတွေ၊ နယ်စပ်တံခါးတွေကို ဖွင့်ပေးထားပါတယ်။ ကျွန်မတို့ဟာ ဘင်္ဂါလီမွတ်စလင် ၁,၁၀၀,၀၀၀ ဦးကို နိုင်ငံရေးခိုလှုံခွင့် ပေးထားပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်မဟာ သူတို့ရဲ့စိတ်မချမ်းမြေ့စရာ အခြေအနေအပေါ် နက်နက်ရှိုင်းရှိုင်းနဲ့ ကိုယ်ချင်းစာပါတယ်” ဟု ဝန်ကြီးချုပ်ဟာ စီနာကဆိုသည်။ ဟာစီနာက ၎င်း၏ဖခင် ဘန်ဂါဘန်ဟူ ရှိတ်မူဂျီဘာရာမန်နှင့် မိသားစုဝင်များစွာ ၁၉၇၅ ခုနှစ်က အသတ်ခံခဲ့ရပြီးနောက် ပြည်ပသို့ သွားရောက်နေထိုင်ခဲ့ရသော ၎င်း၏အတွေ့အကြုံများနှင့် ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခရောက်မှုများကို နှိုင်းယှဉ်၍ ပြောခဲ့ခြင်းဖြစ်သည်။

ဒါကာတွင် နှစ်ရက်ကြာကျင်းပသော OIC ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီး၊ လက်ထောက်ဝန်ကြီး ၄၀ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၅၀၀၀ တက်ရောက်ခဲ့သည်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရိုင်စတီယာဖရီးလန်းကမူ အထူးဧည့်သည်တော်အနေနှင့် ဟာစီနာနှင့်အတူ ဖွင့်ပွဲအစီအစဉ်သို့ တက်ရောက်ခဲ့သည်။

ဟာစီနာက ထိုအစီအစဉ်သည် သမိုင်းထဲမှ အရေးပါသောအချိန်တွင် ကျင်းပနေခြင်းဖြစ်သည်ဟု ပြောခဲ့သည်။ ကမ္ဘာတစ်ဝန်း မကြာသေးမီက ဖြစ်ပွားခဲ့သောပဋိပက္ခများ၊ အစွန်းရောက်မှုများအပြီးတွင် မွတ်စလင်တို့၏ စိတ်နှလုံးများထဲ၌ ပြောင်းလဲမှုများလုပ်ရန် စဉ်းစားကြရေးအတွက်လည်း ဟာစိနာက တိုက်တွန်းခဲ့သည်ဟု သိရသည်။