Facebook နှင့် Google တို့၏နေ့ရက်များ ကုန်ဆုံးတော့မည်ဟု ဂျော့ဆိုးရော့က ပြောကြား

Facebook နှင့် Google တို့၏နေ့ရက်များ ကုန်ဆုံးတော့မည်ဟု ဂျော့ဆိုးရော့က ပြောကြား
Published 27 January 2018

အင်တာနက်ကြော်ငြာဝင်ငွေ၏ ထက်ဝက်ကျော်ကို ထိရောက်စွာ ထိန်းချုပ်ထားသော Facebook နှင့် Google တို့၏ နေ့ရက်များ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ဘီလျံနာရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရော့က ဒါးဗို့စ် ထိပ်သီးတွင် ဇန်နဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။ ဒီမိုကရေစီကို ဖျက်ဆီးရန် အာဏာရှင်တို့က Facebook နှင့် Google တို့၏ လက်ဝါးကြီးအုပ်မှုကို အသုံးချနိုင်ကြောင်း ဆိုးရော့က တိုက်ခိုက်ပြောကြားခဲ့သည်။

ဟန်ဂေရီယန်ဖွား ရင်းနှီးမြှုပ်နှံသူ ဆိုးရော့က ဆီလီကွန်ဗေးလီး၏ ဧရာမနည်းပညာကုမ္ပဏီကြီးများအား စည်းမျဉ်းပို၍တင်းကျပ်ရန် လိုအပ်မည်ဟု ဆိုခဲ့သည်။

“သူတို့ဟာ သတင်းအချက်အလက် ဖြန့်ဖြူးရုံသာလို့ ဆိုကြပါတယ်။ တကယ်က သူတို့ဟာ လက်ဝါးကြီးအုပ်ထားသလို လုပ်နေတဲ့ ဖြန့်ဖြူးသူတွေဖြစ်ပြီး ယှဉ်ပြိုင်မှုကို ကောင်းမွန်စေဖို့နဲ့ ဆန်းသစ်တီထွင်မှုတွေ၊ မျှတမှုတွေ၊ ပွင့်လင်းမှုတွေ ပိုရှိလာဖို့ သူတို့ကို ပိုပြီး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်သင့်ပါတယ်” ဟု အသက် ၈၇ နှစ်အရွယ် ဆိုးရော့က ညစာစားပွဲ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တရုတ်ကဲ့သို့ ဈေးကွက်မျိုးသို့ဝင်ရောက်ရန်အတွက် နည်းပညာလုပ်ငန်းကြီးများသည် အလျှော့ပေးညှိနှိုင်းကြမည်ဖြစ်ပြီး အာဏာရှင်နိုင်ငံများနှင့် ယင်းကုမ္ပဏီများကြား မဟာမိတ်ဖွဲ့ကြလိမ့်မည်ဖြစ်ကြောင်း ဆိုးရော့က ဟောကိန်းထုတ်ခဲ့သည်။ ထို့ကြောင့် အဒေါ့ဟက်စလေနှင့် ဂျော့အောဝဲတို့ စိတ်ကူး၍ပင် မရနိုင်ခဲ့သော အင်တာနက်တွင် အလုံးစုံထိန်းချုပ်မှုမျိုးကိုဖြစ်လာနိုင်ကြောင်း ဆိုးရော့က သတိပေးခဲ့သည်။ အစိုးရများသည် နည်းပညာကဏ္ဍကို စည်းကမ်းပို၍ တင်းကျပ်လာကြတော့မည်ဖြစ်ပြီး “သူတို့ရဲ့နေ့ရက်တွေ ကုန်ဆုံးဖို့ နီးလာပြီလို့ ကြေညာဖို့ရာ ဒါးဗို့စ်က နေရာကောင်းတစ်ခုပါပဲ” ဟု ဆိုး ရော့က ပြောကြားခဲ့သည်။