အမေရိကန်က တာလီဘန်ခိုလှုံရာ နယ်မြေများအတွက် သတိပေးနေစဉ် တေလာဆင်က ပါကစ္စတန်သို့ သွားရောက်

အမေရိကန်က တာလီဘန်ခိုလှုံရာ နယ်မြေများအတွက် သတိပေးနေစဉ် တေလာဆင်က ပါကစ္စတန်သို့ သွားရောက်
Published 25 October 2017

အောက်တိုဘာ ၂၄ ရက်က ကာတာရှိ လေတပ်စခန်းသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆင် (Photo : AFP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်သည် ပါကစ္စတန်နိုင်ငံ၏မြို့ တော် အစ္စလာမ္မာဘတ်သို့ အောက်တိုဘာ ၂၄ ရက်၌ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်သည် တာလီဘန်စစ်သွေးကြွ တို့အတွက် လုံခြုံသည့် ခိုလှုံရာနေရာများ ပံ့ပိုးပေးနေသည်ဟု အမေရိကန်က စွပ်စွဲကာ ဖိအားများ တိုးမြှင့်ပေးနေစဉ် တေလာဆင်၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

တေလာဆင်သည် အာဖဂန်နစ္စတန်သို့ ကြိုတင်ကြေညာခြင်းမရှိဘဲ ရုတ်တရက် သွားရောက်ခဲ့ပြီးနောက် ပါကစ္စတန်ခရီးစဉ်ကို ဆက်သွားမည် ဖြစ်သည်။ အာဖဂန် ခရီးစဉ်အတွင်းက တေလာဆင်သည် အာဖဂန်အတွက် အမေရိကန်၏ စိတ်နှစ်လုပ်ဆောင်ပေးမှုများနှင့် ပတ်သက်ပြီး ထပ်မံကတိပြုခဲ့သည်။ ထို့ပြင် တာလီဘန်ခိုလှုံရာ နယ်မြေများ ပံ့ပိုးပေးမှုကို လျှော့ချစေရန် ပါကစ္စတန်ကို အမေရိကန်က အထူးတလည် တောင်းဆိုမှု လုပ်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ပါကစ္စတန်သည် ၎င်းတို့နိုင်ငံထဲ၌ ခိုလှုံရာ ရှာနေသည့် အကြမ်းဖက် အဖွဲ့အစည်း များစွာနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို ရှင်းရှင်းလင်းလင်း ရှုမြင်ရန် လိုအပ်သည်ဟုလည်း တေလာဆင်က အောက်တိုဘာ ၂၃ ရက်၌ ဘာဂရမ်လေဆိပ်သို့ ခေတ္တသွားရောက်ခဲ့စဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပါကစ္စတန်သည် အာဖဂန် စစ်သွေးကြွအုပ်စုများကို ဆက်လက်ပံ့ပိုးပေးနေပါက အမေရိကန်၏ အထူးအခွင့်အရေးရ စစ်ရေးမိတ်ဖက်နိုင်ငံ အဆင့်ကို ဆုံးရှုံးရနိုင်ကြောင်းလည်း တေလာဆင်က မိန့်ခွန်းအပြီးတွင် သတိပေးခဲ့သည်။

ပါကစ္စတန်သည် အမေရိကန်၏ နေတိုးအဖွဲ့ဝင် မဟုတ်သော အဓိကမိတ်ဖက် ၁၆ နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ပါကစ္စတန်သည် အမေရိကန်ထံမှ ဒေါ်လာ ဘီလျံနှင့်ချီသော အကူအညီများရနေပြီး အမေရိကန်၏ အဆင့်မြင့်စစ်ရေး နည်းပညာများနှင့်လည်း ထိတွေ့ခွင့်ရနေသည်။

တေလာဆင်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအဖြစ် ပထမဆုံး ပါကစ္စတန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှာဟစ်ခါကန်အဘာစီနှင့် သြဇာကြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးကွာမာဂျာဗက် ဘာ့ဂျ်ဝါတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန်နှင့် ပါကစ္စတန်ဆက်ဆံရေးသည် ဇန်နဝါရီလက ထရန့်တက်လာပြီးနောက်ပိုင်း တင်းမာလိုက် ပျော့ပျောင်းလိုက် ဖြစ်နေခဲ့သည်။ ထရန့်ရွေးကောက်ပွဲ အနိုင်ရသည်ကို ဂုဏ်ပြုရန် ဇန်နဝါရီလက ဖုန်းခေါ်ဆိုမှုအတွင်း ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်ခဲ့သည့် နဝပ်ရှရစ်ကို ထရန့်က အလွန်ထူးကဲ ပြောင်မြောက်သည်ဟု ချီးမွမ်းလိုက်ကြောင်း ပါကစ္စတန်ဘက်က ထုတ်ပြန်ခဲ့သည်။

သို့သော် ပါကစ္စတန်သည် စစ်သွေးကြွများအား ခိုလှုံရာ နေရာပေးနေကြောင်း သြဂုတ်လတွင် ထရန့်ထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ပါကစ္စတန်ကလည်း ၎င်းတို့ကိုယ်တိုင် အစွန်းရောက်များကို တိုက်ခိုက်ရန် ဒေါ်လာဘီလျံနှင့်ချီ သုံးစွဲပြီး ထောင်ပေါင်းများစွာသော အသက်များ ဆုံးရှုံးနေရကြောင်းကို ဒေါသတကြီး ပြန်လည်တုံ့ပြန်ခဲ့သည်။

Ref : AFP