အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီကို အက်သလက်တီကိုအသင်း (၂)နှစ်သက်တမ်းတိုး

အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီကို အက်သလက်တီကိုအသင်း (၂)နှစ်သက်တမ်းတိုး
Published 6 September 2017

 

အက်သလက်တီကိုအသင်းသည် အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီကို (၂)နှစ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

ဆီမြွန်နီသည် အက်သလက်တီကိုအသင်းအား ၂၀၁၁ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး လာလီဂါ၊ ယူရိုပါလိဂ်၊ စပိန်ဘုရင့်ဖလားများ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

သို့ရာတွင် ၂၀၁၆ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မက်ဒရစ်ဒါဘီပြိုင်ဘက် ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆီမြွန်နီ၏ အနာဂတ် လှုပ်ခတ်ခဲ့ပြီး ဆီမြွန်နီမှာ အက်သလက်တီကိုအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကို (၂)နှစ်လျော့ချခဲ့ကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင် ဆီမြွန်နီအား PSG၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ အင်တာမီလန်အသင်းတို့က စိတ်ဝင်စားခဲ့ရာ အက်သလက်တီကိုပရိသတ်များက စိုးရိမ်ခဲ့ကြသည်။

ဆီမြွန်နီ၏ ယခင်စာချုပ်မှာ သက်တမ်း(၂)နှစ်လျော့ချခဲ့ပြီးနောက် ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့ဖြစ်ရာ အက်သလက်တီကိုအသင်းသည် ဆီမြွန်နီအား သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၂၀ ခုနှစ်အထိ ပြန်လည် သက်တမ်းတိုးနိုင်ခဲ့ခြင်းဖြစ်သည်။

Photo: ESPN

ဆီမြွန်နီသည် လက်ရှိ လာလီဂါအသင်း နည်းပြများတွင် သက်တမ်းအရှည်ဆုံးနည်းပြဖြစ်နေပြီး ဥရောပ ထိပ်တန်းကလပ်များတွင်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏နောက်တွင် ဒုတိယသက်တမ်းအရှည်ဆုံး နည်းပြဖြစ်နေကြောင်း သိရသည်။