YBS ဖြင့် ရန်ကုန်မြို့ကို တစ်ပတ်ပတ်ကြည့်သည့်အခါ

YBS ဖြင့် ရန်ကုန်မြို့ကို တစ်ပတ်ပတ်ကြည့်သည့်အခါ
Published 9 July 2018

ရန်ကုန်မြို့အတွင်း YBS ယာဉ်ကို စောင့်ဆိုင်းစီးနင်းနေကြသည့် ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့သည် သူမ၏ နံနက်ခင်း မျက်နှာစာကို ဘတ်စ်စကားဂိတ်များမှ ပြည်သူများ၏ လှုပ်ရှားမှုများဖြင့် နေ့စဉ် အသက်သွင်းလျက်ရှိသည်။ အခြေခံလူတန်းစားအဖြစ် တခုပ်တရ လိုက်လံပြောပြနေစရာ မလိုလောက်အောင်ပင် YBS ပေါ် တိုးကြိတ်တက်နေသည့် လူများ၏ မြင်ကွင်းများက သူတို့ဘဝကို သရုပ်ပြနေသည်။ လူ ၃၀ လောက်သာ သက်သောင့်သက်သာ စီးနင်းနိုင်သည့် ဒီဘတ်စ်ကားတွေပေါ်မှာ ရာဂဏန်းနီးပါးခန့် လူတွေပြွတ်သိပ်ကျပ်စွာ ရှိနေသည်။ ဒါက ယခင် မထသစနစ်ကအတိုင်း ရန်ကုန်နံနက်ခင်း၏ မပြောင်းလဲသော နှစ်ပေါင်းများစွာ အရိုးစွဲပြီးသား မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ မတူညီမှုများတော့ ရှိလာပြီဖြစ်သည်။ အခိုင်းအစေတစ်ယောက်ကဲ့သို့ အော်ဟစ်မာန်မဲ နေတတ်သည့် ယာဉ်နောက်လိုက်တွေကို မတွေ့ရတော့ပေ။

သို့ရာတွင် ဘတ်စ်ကားစီး ပြည်သူတွေမှာ ပြဿနာအသစ်တစ်ရပ် ထွက်ပေါ်လာရပြန်သည်။ YBS ဖြစ်အပြီးတွင် ယာဉ်စီးခကို ယာဉ်မောင်အနီးရှိ ပုံးထဲထည့်ရမည်ဖြစ်ပြီး ကျသင့်ငွေက ကျပ်၂၀၀ မျှသာ ဖြစ်သည်။ ရိုးရှင်းပြီး လွယ်ကူသည်ဟု ထင်ရသော်လည်း ကားပေါ်တက်လာသမျှ ဘဝတူခရီးသည်တွေက ယာဉ်နောက်လိုက်သဖွယ် ငွေအကြွေတောင်းခံနေသူအချို့ကို နေ့စဉ်မြင်တွေ့ရသည်။ အခြေခံ လူတန်းစား ပြည်သူတစ်ဦးအတွက် ကျပ် ၂၀၀ ကျသင့်သည်ကို ကျပ် ၅၀၀ ပေး၍ စီးချင်မည်မဟုတ်ပေ။ ထို့အတွက် ပြန်အမ်းငွေပေးမည့်သူမရှိ၊ ပုံးထဲမှ ပိုက်ဆံပြန်နှိုက်ယူ၍ မရသည့် YBS စနစ်တွင် ကိုယ်ထူကိုယ်ထ ပြန်အမ်းငွေကို ကောက်ခံရတော့သည်။ မထသကဲ့သို့ ကြိုက်သည့်အပေါက်မှ တက်ခွင့်မရှိသည့် YBS တွင် ခရီးသွားပြည်သူတွေက စည်းကမ်းတကျ ယာဉ်၏ ရှေ့ပေါက်မှသာ တက်ကြ၏။

သို့အတွက်တက်လာသမျှ ခရီးသည်တွေဆီက လိုသလောက် ပြန်အမ်းငွေကို ကိုယ်တိုင်တောင်းခံရသည်က လူကျပ်ကျပ်ဘတ်စ်ကားပေါ်မှာ မသက်မသာရှှိလှသည်။ မိမိကဲ့သို့ ငွေအကြွေ ကျပ် ၂၀၀ လွယ်လင့်တကူ မပါခဲ့သူများနှင့် ထပ်မံတွေ့ကြုံလာပါက အလှည့်ကျစနစ်ဖြင့် ယာယီယာဉ်နောက်လိုက်သဖွယ် လိုက်ပါစီးနင်းရသည့် ခရီးသည် အများအပြားကိုလည်း တွေ့ရမည် ဖြစ်သည်။ ဒါက မထသစနစ်အပြီး အသစ်ထွက်ပေါ်လာသည့် YBS ယဉ်ကျေးမှုအဖြစ် သတ်မှတ်နိုင်ပြီး ကျပ်တစ်ရာနှစ်ရာသည် အခြေခံ လူတန်းစားတစ်ဦးအတွက် အထိုက်အလျောက် အရေးပါသည့်အတွက်ကြောင့်လည်းဖြစ်၏။ ခရီးသွားပြည်သူတိုင်းက မထသယာဉ်နောက်လိုက်များကို မလိုလားသော်လည်း လွယ်ကူမြန်ဆန်မည့် ငွေအကြွေလဲ ယူနိုင်မည့် စနစ်တစ်ခုကို YBS ပေါ် တွင် မျှော်လင့်လျက်ရှိကြ၏။

မိုးရွာရွာ နေပူပူ ဖွင့်မရ ပိတ်မရသည့် ဘတ်စ်ကားပြတင်းပေါက်များ၊ မိုးရွာချိန် ပိတ်မရသည့် ပြတင်းတံခါးများအနီး စီးနင်းသူမဲ့ ထိုင်ခုံအချို့နှင့် မလိုက်ဖက်စွာ များပြားလှသည့် ခရီးသည်များ၏ မြင်ကွင်းများက မထသ စနစ်တွင် နေရစ်ခဲ့ပြီဖြစ်သည်။ Aircon ဖွင့်ထားပြီး မှန်အလုံပိတ် YBS ကားများက တစ်ချိန်က အိပ်မက်ထဲနှင့် ရုပ်ရှင်ထဲတွင်သာ မြင်တွေ့နိုင်သည်ဟု ရန်ကုန်မြို့က ပြည်သူတွေ တွေးထင်ခဲ့ဖူး၏။ လက်တွေ့ဖြစ်ပေါ်လာသည့်အခါတွင်မူ ပြည်သူတွေအတွက် နောက်ထပ် အခက်အခဲတစ်ခုပါ ကပ်ပါလာရပြန်သည်။ တစ်နေ့တာ၏ ကျန်သည့်အချိန်များတွင် အလွန်အဆင်ပြေသော်လည်း ရုံးတက်ချိန်၊ အထူးသဖြင့် ရုံးဆင်းချိန်တွေ၌ အလုံပိတ် Aircon ကားများနှင့် ခြေချစရာမရှိသည့် ခရီးသည်အရေအတွက်က ပြဿနာတစ်ခု ဖြစ်လာ၏။ ခရီးသည်စီးနင်းမှု အများဆုံး YBS ယာဉ်လမ်းကြောင်းများမှ ကားများကို လိုက်လံ စီးနင်းကြည့်သည်အခါ မြင်တွေ့ခံစားရသည်များက မသက်သာလှပေ။

Aircon ကြောင့် သက်တောင့်သက်သာဖြစ်သည်က မှန်၏။ ခြေချစရာမရှိ များပြားလှသည့် ဘဝတူ ခရီးသည်တွေအတွက် အခြားသော အကြောင်းတစ်ရပ်၏ နှောင့်ယှက်ခြင်းကို ခံရပြန်သည်။ ထိုအရာသည် မွန်းကျပ်မှုဖြစ်သည်။ သွားနေသည့် အလုံပိတ်အခန်းတစ်ခုအတွင်း အနံ့ပေါင်းစုံ ရောထားသကဲ့သို့ ဖြစ်နေသည့်အတွက် စိတ်ကျဉ်းကျပ် ကသိကအောက် ဖြစ်မှုကိုလည်း ဖြစ်စေသည်။ တစ်ခါတစ်ရံ လေအေးပေးစက် ချို့ယွင်းသည်နှင့် ကြုံပါက လိုက်ပါလာသူ ခရီးသည်များ၏ မျက်နှာကို မြင်တွေ့ရသည်မှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံနေရသည့် အကျဉ်းသားများကဲ့သို့ ခပ်ဆင်ဆင် တူနေသည်ကို မြင်တွေ့ရ၏။ ညည်းညူပြောဆိုနေမှုများကလည်း သူတို့၏ ခံစားမှု မျက်နှာသွင်ပြင်ကို သက်သေပြနေခြင်း ဖြစ်သည်။ တစ်နေကုန် လှုပ်ရှားရုန်းကန်အပြီး အိမ်အပြန်တွင်မူ ဒေါသထွက်နေသည့် ခရီးသွားပြည်သူများကိုပါ မြင်တွေ့ရ၏။ ဆိုးရွားသည့် စိတ်ကျဉ်းကျပ်မှု၊ မွန်းကျပ်မှု၊ ပင်ပန်းနွမ်းနယ်မှုများအား ယာဉ်ကြောပိတ်ဆို့မှုများဖြင့် ထပ်မံဖြည့်စွက်ခြင်းကို နေ့စဉ်ခံနေကြရပြီး မိသားစုအတွက်၊ ကိုယ်တိုင်အတွက် အနားယူရမည့် အချိန်များကို ဆုံးရှုံးနေကြရ၏။ ခရီးသည်အများစုကတော့ ရုံးဆင်းချိန် အိမ်အပြန်ခရီးအတွက် ကြောက်ရွံ့ကြကြောင်း ပြောကြသည်။

မထသစနစ်ကတည်းက ရှိခဲ့ပြီး YBS ပြောင်းလဲသည့်အခါတွင်လည်း ဘတ်စ်ကားများပေါ်တွင် လိုက်ပါလာခဲ့သည့် မပြောင်းလဲသော အကြောင်းတရားတစ်ခု ရှိခဲ့သည်။ နေ့စဉ်များပြားလှသည့် ဘတ်စ်ကားစီး ခရီးသည်များအကြားတွင် အခွင့်အရေးသမားအချို့က ယခင်ကအတိုင်း ရှိနေဆဲဖြစ်သည်။ လူကျပ်သည့် ရုံးဆင်းရုံးတက်ချိန်များသည် သူတို့အတွက် အခွင့်အရေးယူရန် အကောင်းဆုံး အချိန်တွေဖြစ်၏။ မိခင်ချင်း၊ နှမချင်း ကိုယ်ချင်းစာနာခြင်း အလျဉ်းမရှိသည့် အခွင့်အရေးသမားများသည် မထသ ရှိစဉ်ကလိုပင် ရှိနေဆဲဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများထံမှ ကြားသိခဲ့ရသည်။ အရှက်တရားကြောင့် မပြောရဲ မတိုင်ရဲသူ အမျိုးသမီးများစွာ ရှိနေဆဲဖြစ်သည်။ သတ္တိရှိရှိဖြင့် အခွင့်အရေးသမားများကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းခဲ့သူ အမျိုးသမီးများကတော့ လူမဆန်သည့် အကျင့်ပျက် အခွင့်အရေးသမားများ လုံးဝမရှိစေရေးအတွက် ၎င်းတို့ ကြောက်ရွံ့လောက်မည့် ဥပဒေတစ်ရပ်ကို YBS ယဉ်ကျေးမှုအသစ်တွင် ထည့်သွင်းစေလိုကြသည်။ ထို့အတူ အခွင့်အရေးသမားများနှင့် ကြုံတွေ့လာပါကလည်း သူမတို့ကဲ့သို့ သတ္တိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းစေလိုကြသည်။

မထသယာဉ်လိုင်းများသည် ယာဉ်လိုင်းအချင်းချင်း၊ သို့မဟုတ် အခြားယာဉ်လိုင်းတစ်ခုခုမှ ယာဉ်များနှင့် ပြိုင်ဆိုင်မောင်းနှင်မှုကြောင့် ပြည်သူများအကြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ထို့အတူ မှတ်တိုင်များတွင် ကျောက်ချရပ်နားမှုများဖြင့်လည်း ပြည်သူကို ဒုက္ခပေးခဲ့ကြသည်။ YBS စနစ်တွင် အထိုက်အလျောက်အထိ ယာဉ်ပြိုင်ဆိုင် မောင်းနှင်မှုများ၊ ကျောက်ချရပ်နားမှုများ လျော့ပါးခဲ့သော်လည်း နေ့စဉ်နှင့်အမျှ အဆိုပါဖြစ်ရပ်တွေက ရှိနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိရသည်။

ရန်ကုန်မြို့တွင်းသို့ မောင်းနှင် ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် ပြိုင်ဆိုင်မောင်းနှင်မှု၊ ကျောက်ချရပ်နားမှု ပြဿနာများအား တစ်ခါတစ်ရံမှသာ မြင်တွေ့နိုင်သော်လည်း မြို့ပြင်နှင့် ဆင်ခြေဖုံးမြို့များတွင်မူ စောင့်ကြည့်လေ့လာပါက များစွာ တွေ့ရှိရမည်ဖြစ်သည်။ အထူးသဖြင့် မီနီဘတ်စ်များ၏ ပြိုင်မောင်းမှုက ဆိုးရွားစွာ ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ယခင်ကလောက် မကြာမြင့်သော်လည်း မှတ်တိုင်ကြီးများတွင် မီနီဘတ်စ်များက မိနစ်ပိုင်းလောက်ထိ ကျောက်ချရပ်နားနေကြစဲဖြစ်၏။ တစ်ခါတစ်ရံ အဆိုပါ မီနီဘတ်စ်များတွင် ယာဉ်နောက်လိုက်များ လိုက်ပါလာလေ့ရှိပြီး မထသစနစ်တုန်းက ယာဉ်နောက်လိုက်များနှင့် ထပ်တူညီစွာ ကြမ်းတမ်း ရိုင်းစိုင်းကြသည်ကို တွေ့ရ၏။ ယာဉ်နောက်လိုက် မပါပါကလည်း မီနီဘတ်စ်များကို လိုက်ပါစီးနင်းရသည်မှာ စိတ်ကောက်နေသည့် ချစ်သူနင်းသည့် စက်ဘီး၏ နောက်တွင် လိုက်ပါနေရ သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။ ဆင်းရမည့် မှတ်တိုင်ကျော်သွားမည်ကို စိတ်ပူနေကြရ၏။ ခပ်စုတ်စုတ် ကားစပီကာဖြင့် ဖွင့်ချင်ဖွင့်ထားသည့် သီချင်းသံများ၏ ဒုက္ခပေးမှုကိုလည်း တစ်ခါတစ်ရံ ကြုံတွေ့ရသည်။ မီနီဘတ်စ်စီးနင်းသူများထံမှ ကြားသိရသည့် အဆိုးရွားဆုံးပြဿနာကတော့ မထသစနစ်ကကဲ့သို့ ကားပြိုင်မောင်းကြသည့်အခါ မိမိတို့ဆိုင်ရာ ကိုးကွယ်ရာ ဘုရားများကို တနေကြရခြင်းဖြစ်သည်။

မြို့ထဲမှ မြို့ပြင် ခေါက်ပြန်ပြေးဆွဲသည့် ယာဉ်လိုင်းများ၊ သို့မဟုတ် မြို့ပတ်ယာဉ်လိုင်းများအား ည ၁၀ နာရီကျော်လောက်အထိ မြင်တွေ့နိုင်သည်က YBS စနစ်၏ ချီးကျူးဖွယ်ရာ အချက်တစ်ချက်အဖြစ် မြင်တွေ့ရသည်။ သို့သော် မြို့ပြင်ပြေးဆွဲသည့် ခေါက်ပြန်ယာဉ်လိုင်းများက ည ၈ နာရီကျော်လျှင် ရှားပါးနေဆဲဖြစ်ပြီး မထသ စနစ်တုန်းကထက် ပြည်သူများ ပိုမိုအခက်အခဲ ကြုံတွေ့နေရသည်။ ဥပမာ တာမွေမှ တောင်ဒဂုံ၊ အင်းစိန်မှ ရွှေပြည်သာသို့ သွားလာပြေးဆွဲနေသည့် ယာဉ်လိုင်းများအား ည ၉ နာရီလောက်တွင် တွေ့ရှိပါက ကံကောင်းမှုတစ်ခုအဖြစ် မှတ်ယူကြကြောင်း အဆိုပါ ခရီးစဉ်လမ်းကြောင်းတွင် နေ့စဉ် သွားလာနေသည့် ပြည်သူများက ပြောဆိုလျက်ရှိသည်။ သူတို့အတွက် ခရီးသွားလာမှု အဆင်ပြေစေရန် အောက်ဆိုက်ယာဉ်လိုင်းများကို အဓိက အားကိုးနေကြရပြီး လက်လုပ်လက်စား အခြေခံ လူတန်းစားအများစုဖြစ်သည့်အတွက် သူတို့၏ အိမ်ပြန်ချိန်များသည် ပုံမှန်မရှိသလို၊ နောက်ကျသည်က များ၏။ အစိုးရရုံးပိတ်ရက်များတွင် ခပ်စောစောပျောက်တတ်သည့် ယာဉ်လိုင်းများကြောင့် လက်လုပ်လက်စား ပြည်သူများအတွက် အောက်ဆိုက်ယာဉ်လိုင်းများသည်သာ အိမ်ပြန်ချိန်အတွက် စီးတော်ယာဉ်ဖြစ်သည်။ ကျပ်၂၀၀ ကျသင့်သည့် ခရီးကို ကျပ် ၅၀၀ လောက် ပေးနေရသော်လည်း မတတ်နိုင်ပေ။ စီးနင်းနေရမည်သာဖြစ်၏။ လက်လုပ်လက်စား အခြေခံလူတန်းစား လူတန်းစား တစ်ဦးအတွက် ကျပ် ၃၀၀ သည် ထမင်းတစ်နပ်စားရန်အတွက် ဟင်းကောင်းကောင်းတစ်ခွက်ကို ဖန်တီးပေးနိုင်သော်လည်း အိမ်ပြန်ချိန် အဆင်ပြေရန်အတွက် သုံးစွဲနေကြရသည်။ သူတို့ မျှော်လင့်သည်က နောက်ကျတတ်သည့် အိမ်ပြန်ချိန်များအတွက် သက်သာပြီး လုံခြုံမှုရှိသည့် ယာဉ်လိုင်းများ ထွက်ပေါ်လာရေး ဖြစ်သည်ကို တွေ့ရ၏။

ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးအတွက် နေ့စဉ်ကြုံတွေ့နေရသည်က အဆိုးရွားဆုံးသော ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့အတူ ကားတွေပေါ်မှ သူတို့၏ အချိန်ဆုံးရှုံးမှုတွေဖြစ်သည်။ ရန်ကုန်မြို့၏ အဓိက သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ခဲ့သည့် မထသခေတ်တွင် ရန်ကုန်မြို့နေ ပြည်သူတွေအတွက် အချိန်ဆုံးရှုံးမှုတွေအပြင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခသက်ရောက်မှုတွေကို မထသလိုင်းကားတွေပေါ်မှာ ခံစားခဲ့ရပြီး အလုပ်ခွင်တွင် သာမက မိသားစုအပေါ်တွင်ပါ သက်ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် မထသစနစ်ကို လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖျက်သိမ်းခဲ့ပြီး YBS ဆိုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို စတင်အသက်သွင်းခဲ့၏။ လက်ရှိတွင် YBS သည် တစ်နှစ်ခွဲအရွယ်ရှိနေပြီဖြစ်ပြီး မြို့နေပြည်သူတွေနှင့် တစ်သားတည်း စီးမျောနေပြီလည်းဖြစ်သည်။ တစ်ခုခုဆိုလျှင် အကြီးကြီး ပြောတတ်သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောခဲ့သလောက် မဟုတ်သော်လည်း YBS သည် မထသထက် ပြည်သူတွေနှင့် ပိုမိုအဆင်ပြေသည်ဆိုသည်ကတော့ လက်ခံရမည့် အရှိတရား တစ်ခုဖြစ်သည်။ သို့သော် အကောင်းဆုံးဖြစ်နေသည်တော့ မဟုတ်သေးပေ။ ဖြေရှင်းရန် မေ့နေကြပြီး ပြည်သူတွေ လက်တွေ့ကြုံတွေ့နေရသည့် နေ့စဉ် အခက်အခဲတွေက ရှိနေသေး၏။

လိုင်းကား စီးဖူးမှသာလျှင် လိုင်းကားပေါ်က ပြဿနာတွေကို သိကြမည်ဖြစ်ပြီး လိုင်းကားနှင့်ပတ်သက်သည့် အဓိပ္ပာယ် သတ်မှတ်ချက်တွေကို နားလည်နိုင်မည်လည်းဖြစ်သည်။ စနေ၊ တနင်္ဂနွေကဲ့သို့သော အစိုးရရုံးပိတ်ရက်အချို့မှလွဲ၍ နေ့စဉ် ရုံးဆင်းရုံးတက်ချိန်များတွင် ရန်ကုန်က ပြည်သူတွေအတွက် မှတ်တိုင်ကို ဝင်ရောက်လာသည့် လိုင်းကားတက်စီးရန်ကိစ္စသည် သူတို့၏ အလုပ်ခွင်တွင် ကြုံတွေ့ရသည့် အခက်အခဲတွေကို ရင်ဆိုင်ရမည်ထက် ပိုမိုစိတ်ဖိစီးမှုများနေမည်ကို သူတို့၏ မျက်နှာအနေအထားကို ကြည့်၍ သိနိုင်သည်။

ယခင် မထသစနစ်တွင် လူတွေ ပြွတ်သိပ်ကျပ်နေသည့် ဘတ်စ်ကားများကို မှတ်တိုင်များတွင် မြင်တွေ့ရမည်ဖြစ်ပြီး ဘတ်စ်ကားပေါ်က လူတွေအတွက်လည်း နောက်ထဲကို တိုးကြပါ၊ တန်းတွေ ကွင်းတွေ ကိုင်ထားနော်၊ မှတ်တိုင်ကြိုပြော၊ မကျေနပ်ရင် ဆင်းသွားစသည့် ယာဉ်နောက်လိုက်၏ ဆူပူမာန်မဲသံများနှင့်အတူ မွန်းကျပ်မှုတွေအပြည့်ဖြင့် အလုပ်ခွင်မရောက်မီ တစ်နေ့တာကို နေ့စဉ်ကို အစပြုခဲ့ကြရသည်။ YBS စနစ်တွင် ယာဉ်နောက်လိုက်ကြောင့်ရသည့် မွန်းကျပ်မှုများ မတွေ့ရတော့ပေမယ့် လူကျပ်ကျပ်တွေကို တိုးဝှေ့ရင်း ခရီးဆက်နေရဆဲဖြစ်သည်။ မိမိတို့၏ အလုပ်ချိန်အမီ ရောက်နိုင်ရေးအတွက် သက်သောင့်သက်သာ ရှိမှုကို မေ့ထားနေကြရဆဲဖြစ်သည်။ ထို့အတူ အိမ်ပြန်ချိန်များသည်လည်း မွန်းကျပ်နွမ်းနယ်မှုများ ရှိနေဆဲဖြစ်သည်။ အခွင့်အရေးသမားများကလည်း အခွင့်အရေး ယူနေကြဆဲဖြစ်သည်။ လက်လုပ်လက်စား ပြည်သူတွေအတွက်လည်း တစ်နေ့တာ ရှာဖွေခဲ့သမျှ မိသားစုနှင့် မျှဝေခံစားရန် အောက်ဆိုက်ကားတွေကို အားကိုးပြန်နေကြရဆဲ ဖြစ်သည်။ လိုင်းကားစီးရင်း ဘုရားတနေကြရဆဲလည်း ဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် မိသားစုဝင်တွေ တိုးပွားလာနေသည့် ရန်ကုန်သည် ယခင်က မည်မျှပင် သစ်လွင်လှပခဲ့ပေဦးတော့ လက်ရှိတွင် အိမ်အိုဟောင်းတစ်လုံးနှင့် ခပ်ဆင်ဆင် တူနေပြီဖြစ်သည်။ လူဦးရေ ခြောက်သန်းကျော်ဆိုသည့် အရေအတွက်သည် အရှေ့တောင်အာရှ၏ နေထိုင်မှု အများဆုံးမြို့များထဲက တစ်ခုဖြစ်ကြောင်းကို သက်သေပြနေ၏။ သို့သော် သူတို့သည် ခေတ်နောက်ကျနေသည့်စနစ်များဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ကံဆိုးသူများလည်းဖြစ်သည်။ လက်သည်မပေါ်ခဲ့သည့် ရာဇဝတ်မှုတွေ၊ ဖော်ထုတ်ရန် ခက်ခဲ့သည့် ခြစားမှုတွေ၊ ရှားပါးတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ဒီမြို့၏ အခက်အခဲတွေက ရေးချရင်တောင် စာမျက်နှာ တော်တော်များများနှင့် စာလုံးရေတော်တော်များများ တာသွားနိုင်ပေမည်။ လက်လှမ်းမမှီတဲ့ ပြဿနာတွေကို ရန်ကုန်၏ ပြည်သူတွေက အထူးတလည် စိတ်ဝင်စားမှု သိပ်ရှိနိုင်မည်မထင်ပေ။ သူတို့အတွက် နေ့စဉ်စားသောက်စရိတ်၊ ကျောတစ်ခင်းစာနေရာကဲ့သို့သော အခြေခံပြဿနာတွေကို နိစ္စဓူ၀ ရင်ဆိုင်ဖြေရှင်းနေရသည်။ သူတို့၏ အခြေခံပြဿနာတွေကို ထပ်ဆင့် စိတ်ပြဿနာတွေပေးကာ အချိန်တွေ ဖဲ့ယူနေမှုများကို မလိုလားကြပေ။ ပင်ပန်းစွာ အလုပ်လုပ်ကိုင်နေရသည့်ကြားက အလုပ်သွား အလုပ်ပြန် သက်သောင့်သက်သာ မရှိမှုတွေကိုလည်း မမြင်ချင်ကြတော့ပေ။ အခြေခံလူတန်းစားတွေကြားက အခက်အခဲတွေကို အခြေခံ လူတန်းစားတွေကြားမှ နေထိုင်သူတွေပဲ သိ၏။ ထို့ကြောင့် အခြေခံလူတန်းစားပြည်သူတွေ၏ မျက်နှာကိုကြည့်ချင်ပါက လူမှုကွန်ရက်တွေ၊ စာရွက်တွေ၊ ရုပ်သံတီဗွီတွေကတစ်ဆင့် အကဲခတ်မဆုံးဖြတ်ဘဲ ပြည်သူနှင့်အတူ လေ့လာနေထိုင်ရင်း ပြည်သူ၏ အခက်အခဲတွေကို ပြည်သူတွေက ဖြေရှင်းစေလိုကြသည်မှာ ပြည်သူတွေ၏ မျှော်လင့်ချက်ပင် ဖြစ်တော့သည်။

Most Recent